သံဖြူဇရပ်မြို့အဝင်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ ဖောင်စိန်တိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က မနေ့က ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုးဂိတ်မှာ စစ်ကောင်စီအင်အား ၁၅ ဦးလောက် တပ်စွဲထားတာဖြစ်ပြီး အခုလ ၂၁ ရက်နေ့ ညပိုင်း ၈ နာရီကျော်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ပစ်ခတ်မှု မိနစ် ၂၀ လောက်ဖြစ်ခဲ့တယ်လို့ NMSP-AD ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က အတည်ပြုပါတယ်။
“အဲဒီတိုက်ပွဲမှာ ဖောင်စိန်ကျေးရွာ ဥက္ကဌက တိုက်ပွဲထဲမှာ ဒဏ်ရာရရှိသွားတယ်လို့ သိရှိရတယ်” လို့ နိုင်ဗညားမွန်က ပြောပါတယ်။
တိုးဂိတ်နားရှိ ဖောင်စိန်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လက်နက်ကြီးကျည်တစ် လုံး ကျရောက်ခဲ့တာကြောင့် ဖောင်စိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိုက်မွန်ရဲ့ ပေါင်မှာ လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရပြီး သံဖြူဇရပ်ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ NMSP-AD ဘက်ကနေ M 79 ၊ RPG တို့နဲ့ စစ်တပ်စခန်းကို ပစ်ခတ်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေးဦး သေဆုံးကြောင်း သတင်းရရှိတယ်လို့လည်း NMSP-AD ရဲ့ တရားဝင်ထောက်ပို့စာမျက်နှာမှာ ထုတ်ပြန်ထားပေမယ့် တနင်္သာရီတိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိ ပြန်လည်ထွက်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း NMSP-AD ဟာ KNLA တပ်ရင်း ၂၇၊ တောင်ညိုစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းပြီး သံဖြူဇရပ်မြို့နယ်၊ သက္ကောကျေးရွာ၊ ဘုရားသုံးဆူလမ်းဝမှာရှိတဲ့ စစ် ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား သုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က မွန်ပြည်သစ်ပါတီကနေ အရင်လက ခွဲထွက်တဲ့အဖွဲ့ ဖြစ်ပါတယ်။