အရပ်သားအစိုးရအဖွဲ့ လက်ထက်ကခန့်အပ်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်အသိအမှတ်ပြုပေးရန် ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုက်တွန်းသည်။
ယနေ့ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အလုပ်ဗဟိုကော်မတီက ထည့်သွင်းမေတ္တာရပ်ခံတိုက်တွန်းလိုက်ခြင်းဖြစ်သည်။
မြန်မာ့အကြပ်အတည်းမှသည် ဒေသန္တရပြဿနာအဆင့်သို့ မကူးဆက်နိုင်စေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် မရှိမဖြစ် အရေးပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ စစ်ဘေး ဒဏ်သင့် အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများရရှိရေး၊ အရပ်သားများအား ပစ်မှတ် ထားတိုက်ခိုက်နေမှုများ အမြန်ဆုံး ရပ်ဆိုင်းသွားရေးတို့အတွက် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် အားဖြည့်ကူညီပေးကြရန်လည်း တောင်းဆိုသည်။
NLD ပါတီသည် ဒေသအလိုက် တော်လှန်ရေးအင်အားစုများအပြင် စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိသည့် နိုင်ငံရေးပါတီများနှင့်လည်း ရင်းနှီးစွာ ထိတွေ့ဆက်ဆံလျက် ဖက်ဒရယ်ဒီမိုကရေစီရေးနှင့် တော်လှန်ရေးကြီးအောင်မြင်စေရေး နည်းလမ်းများကို အတူပူးပေါင်း ရှာဖွေလျက်ရှိပြီး မြန်မာ့နိုင်ငံရေးတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေးကိုလည်း လက်တွေ့ကျသည့် နည်းလမ်းများဖြင့် လုပ်ဆောင်လျက်ရှိကြောင်း အသိပေးသည်။
နိုင်ငံတော်အာဏာကို မတရားသိမ်းထားသည့် စစ်ကောင်စီက ကျင်းပရန်ကြံစည်နေသော အတုအယောင် ရွေးကောက်ပွဲကို NLD က အသိအမှတ်မပြု ဆန့်ကျင်ရပ်တည်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုကို အသိပေးသည်။
NLD သည် လွန်ခဲ့သည့် ၃၅ နှစ် ပါတီ မူလစတင်တည်ထောင်စဉ်ကပင် အခြေခံလူ့အခွင့်အရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေးတို့ကို ဦးတည်ချက်များထား၍ ရပ်တည်ဆောင်ရွက်ရန်နှင့် ပြည်သူလူထုကို ဖိနှိပ်မည့်အာဏာ ရှင်ဆန်သော နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမျှ ပေါ်ပေါက်ခြင်းမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားရန် တည်ထောင်ခဲ့သော ပါတီဖြစ်ကြောင်း ဖော်ပြသည်။
NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့် ပြည်သူလူထု ဆန္ဒကိုသာ အလေးအနက်ထား အကောင်အထည်ဖော်မှုတို့ကြောင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နယ်မြေဒေသအသီးသီးမှ တက်ကြွလှုပ်ရှားသူများ ၊ အရပ်သားပြည်သူ များကို ယနေ့တိုင် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချထားလျက်ရှိရာ အရပ်သားပြည်သူပေါင်း ၁၅,၈၃၈ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၁,၇၆၉ ဦး ပါဝင်ကာ ဥပဒေမဲ့ မတရား ဖမ်းဆီးနှိပ်စက်အသတ်ခံရသည့် အရပ်သားပြည်သူ ၄,၀၁၁ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၉၇ ဦး ပါဝင်ခဲ့သည်ဟု ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ ၆၈၈ ဦး၏ ပိုင်ဆိုင်မှုပစ္စည်းများအားဥပဒေမဲ့ချိပ်ပိတ်သိမ်းဆည်းခဲ့မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၃၇၃ ဦးတို့၏ ပိုင်ဆိုင်မှုများ ပါဝင်ခဲ့ကြောင်းနှင့် ဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးများသို့ ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း ၊ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အကြိမ် ၁၆၀ ပြုလုပ်ခဲ့ကြောင်း NLD က ထုတ်ပြတ်သည်။