ချင်းပြည်နယ်၊ ဟားခါးမြို့တွင်းကနေအိမ်၁လုံးမှာ မတ်လ ၂၅ ရက်၊ မနေ့ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တစ်ယောက်သေဆုံးခဲ့ပြီး လေးယောက် ဒဏ်ရာရတယ်လို့ ဟားခါးဒေသခံတစ်ယောက်က ဆိုပါတယ်။
“ မနေ့ည ၁၀ နာရီ ဝန်းကျင်လောက်မှာ ထင်တယ်၊ ဗုံးသံကြားလိုက်ရပါတယ်၊ လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်ပစ်ခတ်တဲ့အသံတော့ မဟုတ်ဘူး၊ အခု လက်နက်ကြီးကြောင့် ဆုံးသွားတဲ့ သူက မိသားစုတစ်စုရဲ့ အိမ်ထောင်ဦးစီးဖြစ်ပါတယ်၊ ကျန် ဒဏ်ရာရ လေးယောက်ကလည်း မိသားစုဝင်တွေ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်မှုမထမ်းမနေရ အမိန့်ကြေညာစာ ထုတ်ပြီးတဲ့နောက် စစ်ကောင်စီက ဟားခါးမြို့တွင်းမှာ ပြီးခဲ့တဲ့ အပတ် မတ်လ ၁၈ ရက်နေ့က စပြီးအရွယ်ရောက်ပြီးသား လူငယ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့နေ့က စပြီး ချင်းလက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။
သို့ပေမယ့် မနေ့ညမှာက လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်မှု မရှိဘဲ စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဟားခါးမြို့တွင်း၊ မြို့သစ်ရက်ကွက်က မိသားစုတစ်စု နေထိုင်တဲ့အိမ်မှာ လက်နက်ကြီး ကျခဲ့တာဖြစ်ပြီး အိမ်ထောင်ဦးစီးဖြစ်သူ ဖခင်သေဆုံးပြီး ကျန်မိသားစုဝင် ၄ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။