ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အဂ္ဂါပေဆေးခန်းကို မေလ ၂၁ ရက်နေ့၊ ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး ဆရာ၀န်တစ်ဦးနဲ့ သူနာပြု လေးဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်းဒေသခံများထံမှ သိရသည်။
ဟားခါးမြို့၊ ဟားခါးနှစ်ခြင်းခရစ်ယာန်အသင်းတော်အနီးရှိ အဂ္ဂါပေဆေးခန်းတွင် ညဘက်ဂျူတီကျနေသော ဆရာ၀န်စီစီလျာ၊ သူနာပြု Henny၊ သူနာပြု Sianlun၊ သူနာပြု Hniang Sung နှင့် သူနာပြူ J. Mawi တို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၎င်းတို့နှင့် နီးစပ်သူများက ပြောကြားသည်။ အဆိုပါ ဆရာဝန်နှင့် ဆရာမများသည် CDM ဝန်ထမ်းများ မဟုတ်ဘဲ နဂိုမူလကပင် ပုဂ္ဂလိက ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကာ အကြောင်းမဲ့ ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။
” အခု ဟားခါးမှာက တော်တော်လေးတင်းကြပ်တယ်။ ဧည့်စာရင်းစစ်တာတို့ အဂ္ဂါပေ ဆေးရုံဝင်စီးပြီး ဆရာမတွေ ဖမ်းတယ်။ ညဆိုလည်း အိမ်တွေထဲ ဝင်ပြီးတော့ ပစ္စည်းတွေ လုတာ။ ကလေးမြို့နဲ့ ဂန်ဂေါဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟားခါးရောက်ကြပြီဆိုတော့ အခုလိုတွေ ဖြစ်နေတာ” ဟု ၂၇ နှစ်ဝန်းကျင်ရှိ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ ညကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟားခါးမြို့တွင်းတွင် ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ရာမှ ဒေသခံပြည်သူ၂၀ ဦး၀န်းကျင် ဖမ်းဆီးခံခဲ့ရကြောင်းဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။