ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့သိမ်းတိုက်ပွဲအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA လည်း မဟာမိတ်တွေနဲ့အတူ ပါဝင်ခဲ့တယ်လို့ BPLA က သတင်းထုတ်ပြန်ပါတယ်။
မနေ့က ညနေပိုင်းမှာ BPLA က ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တရားဝင် အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။
“ဟိုပန်မြို့တိုက်ပွဲတွင် မဟာမိတ်များနှင့် အတူပါဝင်ခဲ့သည့် BPLA ရဲဘော်များ” လို့ ရေးသားပြီး ဓာတ်ပုံတွေနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မနေ့မနက်ပိုင်းက ဟိုပန်မြို့ကို တိုက်ခိုက်သိမ်းပိုက်နေချိန်မှာလည်း BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက “BPLA ရဲ့ မြောက်ပိုင်းတပ်ရင်းကတော့ မဟာမိတ်တွေနဲ့အတူ ဟိုပန်မြို့ကို ဝင်စီးနေပါတယ်”လို့ ၎င်းရဲ့ လူမှုကွန်ယက်မှာ ဖော်ပြခဲ့ပါတယ်။
မနေ့မနက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ဟိုပန်မြို့ကို ညီနောင်မဟာမိတ် တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ အပေါင်းအပါများဟာ သံလွင်မြစ်တကြောကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ်တပ်ဖွဲ့ဟာ ဟိုပန်မြို့အတွင်းရှိ စစ်ကောင်စီစခန်းများ၊ စစ်ကောင်စီရုံးများ၊ ခလရ ၁၄၅ တပ်ရင်း ၊ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ ဆေးရုံအပါအဝင် ဌာနဆိုင်ရာရုံးများကို မနေ့မနက်မှာ တိုက်ခိုက် သိမ်းပိုက် ခဲ့တာ ဖြစ်ပါတယ်။
ဟိုပန်မြို့ကို ညီနောင်မဟာမိတ်အဖွဲ့က တိုက်ခိုက်သိမ်းယူပြီးနောက် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ထံ လွဲပြောင်းလိုက်ပါတယ်။
လက်ရှိအချိန်မှာ ဟိုပန်မြို့ကို ဝ တပ်ဖွဲ့ တပ်မဟာ ၃၁၈ က ထိန်းချုပ်ထားပြီး မြို့လည်ခေါင်မှာလည်း ဝ အမျိုးသားအလံကို လွှင့်ထူထားတာကို တွေ့ရပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLAဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဦးဆောင်ဆင်နွဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်အဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေလျက်ရှိပါတယ်။