ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ရှိ 99 ဖုန်းအရောင်းဆိုင်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့လယ်မှာ သေနတ်အရှည်ကိုင်ထားပြီး လက်ပစ်ဗုံးတွေပါတဲ့ ပျောက်ကျားဝတ် ၂ ယောက်က ဓားပြ တိုက်ခံလိုက်ရတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
`ပထမတော့ ဆိုင်ရှင်ရှိလားမေးတယ်၊ မရှိဘူး အပြင်သွားတယ်လို့အရောင်းသမားက ပြောတော့ မီးခံသေတ္တာဘယ်မှာလဲလို့မေးတယ်၊ ပြီးတော့ ဖုန်း ၂ လုံးရယ်၊ ဖုန်းဘေလ်ကဒ်တွေရယ်၊ ငွေတွေရယ် ယူသွားတာ သိရတယ်`လို့ ရပ်ကွက်နေပြည်သူတစ်ဦးက မဲခေါင်ကိုပြောပါတယ်၊။
99 ဖုန်းဆိုင်ဟာ ဆီဆိုင်ဘက်သွားလမ်း တံတားထိပ်မှာရှိပြီး မြို့ပြင်ကနေ ၁ မိုင်ခန့်အကွက တောင်ရပ်ကွက် တံတားထိပ်မှာရှိကာ အရောင်းအဝယ်ကောင်းတဲ့ဆိုင်ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
99 ဖုန်းဆိုင် ဓားပြတိုက်ခံရပြီးနောက်မှာ ဟိုပုံးမြို့ထဲက ဆိုင်အချို့ ထိတ်လန့်ပြီး ပိတ်ကုန်တယ်လို့ သိရပါတယ်။
လက်ရှိ ဟိုပုန်းမြို့ရဲ့အခြေအနေဟာ စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်တွေ မြို့လုံးအနှံ့နေရာယူထားတဲ့ အနေအထားမှာရှိနေပြီး မြို့ထဲ အပြေးကျင့်တာ၊ ကားတွေနဲ့ ကင်းလှည့်တာတွေနဲ့ အင်အားပြနေတဲ့မြို့ဖြစ်နေတဲ့အချိန်မှာ ခုလို နံမည်ကြီးဖုန်းဆိုင်ကို ဓားပြတိုက်ခံလိုက်ရတဲ့အတွက် မြို့နေပြည်သူတွေ လုံခြုံမှုမရှိတော့တဲ့အခြေအနေဖြစ်သွားပြီလို့ ဒေသခံတွေက ပြောနေကြပါတယ်။