ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့လို့ PNLA က ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ယမန်နေ့က ဟိုပုံးမြို့နယ် တနေရာမှာ လုံခြုံရေးဆိုင်ရာလှုပ်ရှားနေတဲ့ PNLA စစ်ကြောင်းကို စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်တွေက လာရောက်တိုက်ခိုက်တာမှာ မနက် ၁၁ နာရီက ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့လို့ သိရပါတယ်။
တိုက်ပွဲဖြစ်အပြီး စစ်ကောင်စီနဲ့လက်အောက်ခံပြည်သူ့စစ်တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် PNLA က နယ်မြေရှင်းလင်းရာမှာ တိုက်ပွဲဖြစ်ပွားရာနေရာတွင် စစ်ကောင်စီနဲ့လက်အောက်ခံ ပြည်သူ့စစ် အလောင်း ၅ လောင်း ကျန်ရှိခဲ့ပြီး ခဲယမ်း ကျည်ဆံတွေအပါအဝင် သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ယမန်နေ့မှာပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ထမ်းဆန်းဂူဒေသအနီးတဝိုက်နဲ့ မဲနယ်တောင်ဒေသကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြောပါတယ်။
နှစ်ဘက် တိုက်ပွဲမဟုတ်ဘဲ လက်နက်ကြီးနဲ့ ၅၇ ချက်ပစ်ခတ်လို့ ကျေက္ကခြားရွာက နေအိမ်တွေ ပျက်စီးရသလို ဟိုပုံးမြို့နယ် ထမ်ဆမ့်ဂူတဝိုက်ကိုလည်း ပစ်ခတ်ခဲ့တယ် လို့ဆိုပါတယ်။
ထိုသို့ စစ်ကောင်စီနှင့်အပေါင်းအပါများ ပစ်ခတ်ဖျက်ဆီးသည့်နေရာတွေဟာ PNLA တပ်ဖွဲ့ဝင်တွေ တည်ရှိတဲ့နေရာမဟုတ်သလို တပ်စွဲထားခြင်းလည်းမရှိဘူးလို့ ပြောပါတယ်။
လက်ရှိတိုက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေအနေနဲ့ စစ်အာဏာရှင်စနစ်လက်အောက်က ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ်ကို အမြန်ဆုံးကူးပြောင်းကြဖို့လည်း ထပ်မံတိုက်တွန်းအပ်ပါတယ်လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေနဲ့နီးစပ်ရာ PNLA တပ်ဖွဲ့တွေထံ ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အမျိုးသားလွတ် မြောက်ရေးလမ်းကြောင်းပေါ်ကို ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဖြစ်တယ်လို့ ဆိုပါတယ်။