ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံး-လွိုင်လင် လမ်းပေါ်၊ ဟိုပုံးမြို့ အထွက်မှာ စစ်ကောင်စီ လက်ကိုင်တုတ် ယာဥ်ထိန်းရဲတွေ ဒေသခံ ယာဉ်မောင်းတွေဆီက ဒီကနေ့ကစပြီး ငွေတောင်းကြမ်း နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဩဂုတ်လ ၂၈ ရက်မှာ အင်အား ၅ ဦးခန့်ရှိတဲ့ ယာဥ်ထိန်းရဲတွေ ဟိုပုံးမြို့အထွက်၊ မြို့ဆိုင်းဘုတ် အနီး လမ်းမပေါ် သွားလာနေတဲ့ ကားနဲ့ ဆိုက်ကယ်တွေကို စစ်ဆေးပြီး ငွေတောင်းနေတာကြောင့် ခရီးသွားတွေ အနှောက်အယှက် ဖြစ်ရတယ်လို့ ကိုယ်တိုင် ငွေပေးခဲ့ရသူတွေက ပြောပါတယ်။
“အဲ့ခေါင်းဖြူတွေက အဲ့ဒီလို ရုတ်တရက် စစ်ဆေးပြီး ငွေတောင်းတာတွေ ခဏခဏ လုပ်တာ အရင်နှစ်ကတည်းက စပြီး လုပ်လာတာ။ အပြစ်မရှိ အပြစ်ရှာပြီး ငွေတောင်းတာ။ ဆိုင်ကယ်တွေဆို ၃ သောင်း၊ ကားတွေဆို ၅ သောင်း အထိ တောင်းစားတယ်” လို့ ကိုယ်တိုင် ငွေ ၅ သောင်း ပေးခဲ့ရတဲ့ ယာဥ်မောင်း တစ်ဦးက ပြောပါတယ်။
အဲဒီ ယာဥ်ထိန်းတွေဟာ လမ်းမပေါ် သွားလာတဲ့ ကား၊ ဆိုင်ကယ် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ဆိုင်ကယ်ဦးထုပ် ဆောင်းမဆောင်း စတဲ့ ပြစ်ချက်တွေ ရှာဖွေပြီး မတရား ငွေတောင်းမှုတွေ ပြုလုပ်နေတယ်လို့ ဟိုပုံး ဒေသခံ တစ်ဦးက ပြောပါတယ်။
“ကျွန်တော်ဆို ဆိုင်ကယ်ဦးထုပ်လည်း ဆောင်းတာပဲ။ အဲ့ဒါ ဆိုင်ကယ် ဒူးကာ တစ်ဖက် မပါလို့ဆိုပြီး ၂ သောင်း ပေးလိုက်ရသေးတယ်ဗျာ။ မပေးရင် ရုံးလိုက်ရမယ်ဆိုတော့ မရှုပ်ချင်တာနဲ့ ပေးခဲ့လိုက်ရတယ်။ စိတ်ထဲတော့ ဘယ်ကျေနပ်မလဲဗျာ” လို့ ဟိုပုံးမြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ လက်အောက် ယာဥ်မောင်းတွေဟာ အရင် အရပ်သားအစိုးရ လက်ထက်မှာ ငွေတောင်းတာ နည်းပါးပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်မှာ မကြာခဏ ဒေသခံတွေဆီက ငွေတောင်းတာတွေ ပြုလုပ်လာပါတယ်။
လက်ရှိ ပြည်သူတွေ စီးပွားရေး ခက်ခဲနေတဲ့ ကာလမှာ အခုလို ပိုက်ဆံတောင်းတာ၊ ငွေညှစ်တာတွေက မလုပ်စေချင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာ အခုလို ဖြစ်ပွားနေပေမယ့် PNO အနေနဲ့ တစ်စုံတစ်ရာ ဆောင်ရွက်ပေးမှု မရှိတဲ့အပေါ်လည်း ဒေသခံတွေက ဝေဖန်နေပါတယ်။