စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၃၆၉/၃၇၀) နဲ့ ပျူစောထီး ပူးပေါင်း အင်အား ၃၀၀ ကျော်ရှိတဲ့ ရန်သူတပ်စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။
အင်းကြင်းမှော်ရွာ၊ မနော်သာရွာ၊ ကျွန်းကုန်းရွာတို့မှာ တပ်စွဲနေတဲ့ အကြမ်းဖက်တပ်စခန်းတွေကို မတ် ၃၀ ရက်နေ့မှ ဧပြီ ၇ ရက်အထိ ၉ ရက်ကြာ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တာပါ။
ရန်သူစခန်းထံမှ လက်လုပ် သေနတ် အလက် ၂၀၊ လက်နက်ငယ် မျိုးစုံ ၁၃၁ လက်၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ဗုံးသီးမျိုးစုံ ၄ လုံး၊ ဒရုန်း Gun ၁ လက်၊ Station Jammer ၁ ခု၊ ဓားမျိုးစုံ အချောင်း ၃၀၊ စကားပြောစက် TSSD ၁၆ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို အမှတ်(၁)စစ်ဒေသ အထူးလှုပ်ရှားတပ်ရင်း အမှတ် (၄/၈) ၊မော်လိုက်ခရိုင် တပ်ရင်း (၁)၊ ခန္တီးခရိုင် တပ်ရင်း (၁)၊ ဖောင်းပြင်မြို့နယ် ပကဖ၊ ဟုမ္မလင်း ပကဖ တို့မှ ပူးပေါင်း သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။