ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့နဲ့ ဘော်နင်း ကျေးရွာအုပ်စုတွေက လူငယ်လူရွယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့အတွက် မတ်လ ၁၄ ရက်ကစပြီး စာရင်းကောက်ခံနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရပ်ကွက် တရပ်ကွက်ကို အသက် ၂၂ နှစ်ကနေ ၃၀အတွင်းရှိ လူငယ်အမျိုးသား ၅ ဦးနှုန်း ခေါ်ယူပြီး စစ်မှုထမ်းသွားမယ့်သူတွေကို ရပ်ရွာကနေ တဦးကို ၅ သိန်းနှုန်း ထောက်ပံ့ဖို့ ရပ်ကျေး ဥက္ကဌက သတ်မှတ်ပေးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟဲဟိုးမြို့ရဲ့ ရပ်ကွက် ၄ မှာလည်း စစ်မှုထမ်းသွားတဲ့သူတွေအတွက် တအိမ်ကို လစဥ် ၁၀၀၀၀ နှုန်း ထောက်ပံ့ ထည့်ဝင်ပေးရမယ်ဆိုပြီး အုပ်ကြီးတွေ ကောက်ခံနေတယ်” လို့ သူက ပြောပါတယ်။
ဘော်နင်းတိုက်နယ်အုပ်စုမှာလည်း တရွာကိုတယောက်နှုန်း စစ်မှုထမ်းဖို့ သတ်မှတ်ထားပြီး စစ်မှုထမ်းမယ့်သူမရှိရင် ရပ်ရွာကို ငွေကောက်ခံပြီး လူအစားထိုးထည့်ရမယ်လို့ ညွှန်ကြားထားကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဒေသခံပြည်သူတွေက မိသားစုဝင်အတွက် စိတ်ပူရတာတွေအပြင် အလုပ်အကိုင်ရှားပါးချိန်မှာ ငွေကြေး ကောက်ခံတာတွေ၊ မဖြစ်မနေ ငွေကြေးထည့်ဝင်ရတာကြောင့် ခက်ခဲနေပြီး ညည်းညူနေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ လူငယ်လူရွယ်အမျိုးသားတွေကို မဖြစ်မနေစစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပြီး ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အလိုက် စာရင်းကောက်ခံတာတွေ၊ မဲနှိုက်စနစ်တွေနဲ့ လူစုဆောင်းတာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတယ်လို့ သိရပါတယ်။