နိုင်ငံခြားက ဟွန်ဒီစနစ်ဖြင့် ငွေလွဲသူနှင့်ငွေထုတ်သူ လူ ၂၀ဦးကို အရေးယူထားကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ် ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်သည်။
နိုင်ငံခြားငွေလိုအပ်ချက်ကြီးမားနေသည့် စစ်ကောင်စီက ပြည်ပရောက်မြန်မာအလုပ်သမားများ၏ လုပ်ခလစာများကို ပြည်တွင်းပြန်ပို့ရာတွင် ၎င်းတို့ထိန်းချုပ်ထားသည့် ဘဏ်စနစ်များကို အသုံးမပြုသောကြောင့် ခြိမ်းခြောက်သည့်အနေဖြင့် အရေးယူပြခြင်းဖြစ်သည်ဟုလည်း ဟွန်ဒီငွေလဲဆောင်ရွက်နေသူများကပြောသည်။
“ဟွန်ဒီလုပ်ငန်းတွေက မြန်မာပြည်မှာဘဏ်စနစ်ကိုမကောင်းခင်ကတည်း လုပ်ခလစာကို ဒီနည်းအတိုင်းပြန်ပို့ပေးနေတာပါ။ အခုတော့ နိုင်ငံခြားငွေကို သူတို့(စစ်ကောင်စီ)က လိုချင်လို့ အခုလို အဖမ်းပြတာပါ။ ငွေလဲလုပ်သူတွေအနေနဲ့ သတိထားလုပ်စေချင်တယ်”ဟု ထိုင်းနိုင်ငံမှ ဟွန်ဒီလုပ်ငန်းဆောင်ရွက်ပေးနေသူ တစ်ဦးကမှတ်ချက်ပေးသည်။
စစ်ကောင်စီက အရေးယူထားသူများထဲတွင် ထိုင်း၊တရုတ်နှင့် မလေးရှား နိုင်ငံတို့မှ မြန်မာအလုပ်သမားလစာငွေများကို လွှဲပြောင်းပေးခဲ့သူ ၉ဦး၊ ကုန်ပစ္စည်းဝယ်ယူရန်အတွက် ငွေလွှဲပြောင်း ပေးချေပေးသူ ၃ ဦးနှင့် နိုင်ငံခြားငွေကို ကျပ်ငွေပြောင်းပြီး ပြည်တွင်းမှာ ငွေထုတ်ပေးသူ ၈ ဦးတို့ပါဝင်သည်ဟု ဆိုသည်။
စစ်ကောင်စီက ယခင်ကလည်း ပြည်သူများကိုခြိမ်းခြောက်၍ ၎င်းတို့ အမိန့်လိုက်နာစေလိုလျှင်ဖမ်းဆီးအရေးယူသည်ဟု ဝါဒဖြန့်ချီသတင်းထုတ်ပြန်လေ့ရှိသည်။ထို
ကြောင့် ယခုအကြိမ်တွင်လည်း ဟွန်ဒီဖြင့်ငွေပို့ပေးနေသူများကို ဖမ်းဆီးအရေးယူသည်ဆိုခြင်းမှာ မှန် ၊မမှန် အပေါ် သီးခြားအတည်မပြုနိုင်ပါ။
စစ်ကောင်စီက ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို ဖမ်းဆီးထားသော်လည်း မည်သည့် ပုဒ်မဖြင့်အရေးယူမည်ကို စစ်ကောင်စီဗဟိုဘဏ်က မစီစဉ်ရသေးကြောင်း စစ်ကောင်စီဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ပြစ်ဒဏ်ချမှတ်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းနေသည်ဟုလည်း ၎င်းကဆိုသည်။