အကျဉ်းထောင်တွေမှာ အကျဉ်းသားအချင်းချင်း လိင်စိတ်ကွဲပြားနေတဲ့ LGBTQ+ တွေကို လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက် အကြမ်းဖက်မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ယက် PPNM က ထုတ်ပြန်လာပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေထဲက ငယ်ရွယ်သူတွေ ကျောင်းသားတွေကို အစားအသောက်နဲ့ ထောင်တွင်းသွားလာခွင့်၊ အလုပ်ကင်းလွတ်ခွင့် ၊ ထောင်အဝတ်အစား အရပ်ဝတ်ဝတ်ဆင်ခွင့်၊ ရေကြိုက်သလိုချိုးခွင့် စတာတွေနဲ့ မြူဆွယ်ပြီး လိင်အမြတ်ထုတ်ဖို့ ကြိုးစားတာတွေရှိနေပါတယ်။
စစ်ကောင်စီက ၂၀၂၁ စက်တင်ဘာလထဲက လက်နက်မှု အကြမ်းဖက်မှု ပုဒ်မတွေနဲ့ ထောင်ဒဏ်(၉၆)နှစ်ကျခံထားရတဲ့ အကျဉ်းသား “ရဲရင့်ကို(ခ)ရဲရဲ” ကိုအခြား ရာဇဝတ်မှုနဲ့သေဒဏ်ကျ အကျဉ်းသားသား “ပြူးကြီး” ဆိုသူက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပတမပတ်အတွင်းမှာ မုဒိန်းကျင့်ဖို့ ကြိုးစားရာမှာ ငြင်းဆန်တဲ့အတွက် “ပြူးကြီး”က ကျောက်ခဲနဲ့ထုလိုက်လို့ ဦးခေါင်းကွဲကာ ထောင်ဆေးရုံအတွင်း ကုသမှုခံရခဲ့ရပါတယ်။
“အဓ္ဓမလုပ်ဖို့ ကြိုးစားတဲ့ ရာဇဝတ်မှုသမားကို တခါတလေ ပြန်တိုက်ခိုက်လို့ နိုင်/ကျဉ်းတွေအနေနဲ့ တိုက်ပိတ် ဒေါက်ခတ်ခံရတာတွေ ရှိခဲ့တယ်၊ ကျူးလွန်သူကတော့ အပြစ်မခံရဘူး” PPNM က ဦးသိုက်ထွန်းဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ထောင်ထဲမှာ ကျခံနေရဆဲ LGBTQ+ နိုင်ငံရေးသမားတွေကို အကျဉ်းထောင်တာဝန်ရှိသူတွေ အနေနဲ့ ထိရောက်တဲ့ ကာကွယ် ပေးဖို့အတွက် PPNM အနေနဲ့ ပြည်သူတွေနဲ့ စစ်ကောင်စီအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ သိဖို့လိုအပ်နေတာပါ။
မြန်မာနိုင်ငံအနှံက အကျဉ်းထောင်တွေမှာ အာဏာသိမ်းချိန်ကစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း (၂၆၆၂၀)ဦးရှိပြီး လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသာ (၆၂၁၅)ဦးကာ အကျဉ်းထောင်အတွင်း (၂၀၄၀၅)ဉီးကျန်သေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၂၀၂၄ မေလ(၃)ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။