အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘာသာဝင်များအပေါ် ဖိနှိပ်သတ်ဖြတ်မှု တိုးမြင့်လာတာနဲ့ လူသားခြင်းစာနာမှု ကျဆင်းလာတဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းပြီးတော့ အမေရိကန်အောက်လွှတ်တော်မှာ ဇန်နဝါရီ ၂၉ ရက်က ရှင်းလင်းတင်ပြတဲ့ပွဲကို ပြုလုပ်ခဲ့ကြတယ် လို့ သမ္မတရုံးက ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Chris Smith က ဦးဆောင်ပြုလုပ်ခဲ့တဲ့ အဆိုပါ ရှင်းလင်း တင်ပြပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပူးတွဲဦးဆောင်သူအဖြစ် ပါဝင်တက်ရောက်ခဲ့တာပါ။
အဆိုပါ ရှင်းလင်းတင်ပြပွဲကို အမေရိကန်အစိုးရ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ဒုဥက္ကဋ္ဌ Frederick Davie လည်း ပါဝင်ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံးက အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံတဝန်းက ခရစ်ယာန် ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားဖျက်ဆီးခြင်း၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနဲ့ အခြားသောဘာသာရေးခေါင်းဆောင်များကို မတရားဖမ်းဆီး၊ ထောင်သွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းတို့ တိုးမြှင့်ကျူးလွန်လာတဲ့ အခြေအနေများကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနဲ့ ချင်းလူ့အခွင့်အရေးလှုပ်ရှားသူ များက ရှင်းလင်းပြောကြားခဲ့ကြပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်ခဲ့မှုများကို တာဝန်ယူ၊ တာဝန်ခံမှုရှိလာစေရေးနဲ့ မြန်မာနိုင်ငံအတွင်း လူသားခြင်းစာနာမှုအကူအညီများ တိုးမြှင့်လုပ်ဆောင်လာနိုင်ရေးအတွက် လည်း ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ရှင်းလင်းတင်ပြပွဲကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌ ဦးအောင်ကြည်ညွန့် နဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့ တက်ရောက်ခဲ့ကြတာပါ။