အကြမ်းဖက်စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက် ရှိရှိနဲ့ အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အကြိမ်ပေါင်း ၁၆၄ ကြိမ်အထိ ပြုလုပ်ထားတယ် လို့ NLD က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများကို အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်) – ၃ ကြိမ် ၊ တိုင်းနှင့်ပြည်နယ်ရုံးများ – ၁၅ ကြိမ် ၊ ခရိုင်ရုံးများ – ၆ ကြိမ် ၊ မြို့နယ်ရုံးများ – ၁၁၂ ကြိမ် ၊ ရပ်ကျေးရုံးများ – ၂၈ ကြိမ် တို့ဖြင့် စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း (၁၆၄) ကြိမ် ရှိနေခဲ့” တယ် လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါအပြင် အကြမ်းဖက် စစ်ကောင်စီက ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ (၁၇,၂၇၇) ဦး ရှိနေပြီး ၎င်းတို့ထဲမှာ အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၄၄) ဦးနဲ့ အဖွဲ့ချုပ်ပါတီဝင် (၁၉၀၅) ဦး တို့ပါဝင်တယ်ဆိုတာနဲ့ လက်ရှိဖမ်းဆီးခံထားရတဲ့ အသက်မပြည့်သူ ကလေးသူငယ် (၃၅၄) ဦးနဲ့ ဖမ်းဆီးခံအမျိုးသမီး (၂၀၅၈) ဦး တို့ ပါဝင်တယ်လို့ ဖော်ပြထားပါ တယ်။
အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ညဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများ၊ ပြည်သူများကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းများ၊ ပြည်သူတို့ရဲ့ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းများကို အကြမ်းဖက်စစ်ကောင်စီက အဆိုးရွားဆုံး ကျူးလွန်နေတယ်လို့လည်း NLD ပါတီက ထောက်ပြထားပါတယ်။
ဒါအပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရတဲ့ ပြည်သူ (၄,၂၅၁) ဦးမှာ အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ ပါတီဝင် (၁၀၀) ဦးနဲ့ အသက်မပြည့်သော ကလေးသူငယ် (၃၁၄) ဦး တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက နေအိမ်ပေါင်း (၆၄,၁၄၁) အိမ် မီးရှို့ဖျက်ဆီးခံကြရပြီး၊ အချို့ ဒေသများမှာ အကြိမ်ကြိမ် ထပ်မံမီးရှို့ဖျက်ဆီးမှုများရှိခဲ့ရာ ဖျက်ဆီးမှုအကြိမ်ပေါင်း (၁,၆၁၄) ကြိမ် ရှိခဲ့သလို လွှတ်တော်ကိုယ်စားလှယ် (၃) ဦးရဲ့ နေအိမ်များကိုလည်း ရည်ရွယ်ချက် ရှိရှိမီးရှို့ဖျက်ဆီး ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၀၇) ကြိမ် ရှိခဲ့ရာမှာ သေဆုံးသူ (၄၀၈) ဦး နဲ့ ဒဏ်ရာရသူ (၁၅၅) တို့ ရှိနေခဲ့တယ်လို့် ဆိုပါတယ်။
လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)(HRDT-NLD) က ကောက်ယူထားတဲ့ စာရင်းတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထား ပါတယ်။