ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ် တိုက်ပွဲများအတွင်း ရန်သူ စစ်သား ၂၉၈၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ကရင်နီပြည်နယ်အတွင်းစစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တိုးတက်သောကရင်နီပြည်သူ့ အင်အားစု( Progressive Karenni People )က ထုတ်ပြန်လိုက်တာပါ။
ကရင်နီပြည်သူ့အင်အားစု (PKPF-Information Centre) ရဲ့ အစီရင်ခံစာအရ အရပ်သား ပြည်သူ သတ်ဖြတ်ခံရမှု (၄၅၇) ဦး၊ စစ်ဘေး ရှောင်ရင်း သေဆုံးသူ (၁၄၉) ဦး၊ KNDF၊PDF၊ KA တပ်ဖွဲ့မှ ကျဆုံး ရဲဘော် ၄၇၇ ဦး၊ မတရားဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ (၁၅၂) ဦး၊တိုက်ပွဲအကြိမ်ရေ (၉၆၀) တို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု (၁၂၀၃) ကြိမ်၊ ဘာသာရေးအဆောက်အအုံ (၄၈)လုံးပျက်စီးပြီး၊ လူနေအိမ် (၂၃၇၅) လုံးပျက်စီး၊ဆေးရုံ၊ဆေးခန်း (၁၄)လုံး၊ စာသင်ကျောင်း (၂၂)လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ (၂၉၈၆) ဦး၊ အကြမ်းဖက်စစ်ကား (၆၈) စီး၊ဂျက်တိုက်လေယာဥ် (၂)စီးတို့ ပျက်စီးခဲ့တယ်လို့ အစီရင်ခံစာအဖြစ် ဖော်ပြထားပါတယ်။