ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူပိုင် ရာဘာခြံတစ်ခြံ ပျက်စီးခဲ့ရပြီး မူးမြို့နယ်မှာလည်း တောမီးလောင်တဲ့ အတွက် အကြမ်းဖက် စစ်တပ်ရဲ့ ထိုးစစ်ကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေရဲ့ နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ KNU(ဗဟို) က မနေ့ညက ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖေဖော်ဝါရီလ ၂၁ရက် နေ့လည် ၁၁နာရီ ခန့်မှာ ရွာကို ထားခဲ့ရပြီး စစ်ဘေးရှောင်နေရတဲ့ ရန်မျိုးအောင်ရွာရှိ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေမှာ တောမီးလောင်မှုမှ တစ်ဆင့် မီးကူးစက်တာကြောင့် နေအိမ် ၇လုံးခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၂၀၈ တပ်ရင်းမှ လက်နက်ကြီး တစ်လုံးပစ်ခတ်တာကြောင့် ဖေဖော်ဝါရီလ ၁၉ရက်နေ့ ညနေ ၁နာရီမှာ ဝင်းတာပန်ကျေးရွာ အတွင်းရှိ နို့ဖိုးပူ(ဒေသအခေါ်အဝေါ်)နေရာထဲကို လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး ဒေသခံတစ်ဦးပိုင်တဲ့ ၅ဧက အကျယ်ဝန်းရှိတဲ့ ရော်ဘာခြံတစ်ခြံလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း KNU(ဗဟို)ထံမှ သိရပါတယ်။