ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးမှာ အရေးပါတဲ့ တပ်မ ၅၅က တပ်သား ၂ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ မေ ၁၂ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
“အယူမသန် အမြင်မှန်နဲ့ ၊ပြည်သူ့မေတ္တာ ခံယူကာဖြင့် ၊သမိုင်းလည်းလှ ငွေလည်းရ” လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားတာပါ။
ကျားဖြူစစ်ကြောင်းအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ကနေ လက်နက်၊ခဲယမ်း အပြည့်အစုံနဲ့တကွ ပြည်သူ့ရင်ခွင် ခိုဝင်လာသူတွေကို အမြဲတမ်းကြိုဆိုနေတယ်လို့ လည်း အသိပေးထားပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ကို ဦးတည်လာနေတဲ့ အကြမ်းစစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ကျားဖြူစစ်ကြောင်းအပါအဝင် တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေတာပါ။
ကျားဖြူစစ်ကြောင်းကတော့ ကရင်ပြည်နယ် နေရာအနှံမှာ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတာကြောင့် မိဘပြည်သူများအနေနဲ့ ဘေးကင်းရာအရပ်မှာ သတိပြုနေထိုင်ကြဖို့နဲ့ ပြည့်သူဆန္ဒနဲ့ဆန့်ကျင်ပြီး အာဏာရှင်တစုအတွက် အသက်ပေးနေတဲ့ စကစ တပ်သားတွေအနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ အလင်းဝင်ကြဖို့ တိုက်တွန်း တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။