စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ ကလေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခချုပ်အပါအဝင် ၊ကျောင်းသား/ကျောင်းသူ ၊ Non-CDM ဝန်ထမ်းများကို နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက် ပါတယ်။
ကျောင်းဝန်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နဲ့ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန် လာချိန်မှာ ကလေးတက္ကသိုလ် ရဲ့ Non-CDM ဝန်ထမ်းများကို တိုက်ပွဲနဲ့ဝေးရာ ကျည်လွတ်ရာနယ်မြေသို့ ခေါ်ဆောင် ကယ်ထုတ် ပေးခဲ့တယ်လို့ ဆိုပါတယ်။
အထက်ပါ Non-CDM တီးတိန်မြို့နယ်မှ ဝန်ထမ်းများ နဲ့ ကျောင်းသား/သူ ၁၂ ဦးတို့အား ပထမအသုတ်အဖြစ် ယင်းတို့ အိမ်အရောက်ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။
ကျန်ရှိနေသေးတဲ့ ပါမောက္ခချုပ်အပါအဝင်၊ ဝန်ထမ်းများ နဲ့ ကျောင်းသား/သူ များကိုလည်း လမ်းကြောင်းလုံခြုံရေးဆိုင်ရာ အခြေအနေပေါ်မူတည်ပြီး နေရပါကို ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ အသိပေးဖော်ပြထားပါတယ်။