အကြမ်းဖက်စစ်တပ်ကစာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်အပေါ် ပညာရေးဝန်ကြီးဌာနက ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဇွန်လ (၄) ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်း ကျောင်းဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် (၃) ဦးသေဆုံးပြီး ပြည်သူ (၂၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဆိုတာနဲ့ ဇွန်လ (၅) ရက်နေ့မှာ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေတဲ့ စစ်ဘေးရှောင် ကလေးငယ်အပါအဝင် (၄) ဦးထက် မနည်း သေဆုံးပြီး ပြည်သူ (၂၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က စာသင်ကျောင်းများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများမှာ တပ်စွဲခြင်းတို့က ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
စာသင်ကျောင်းများကို စစ်ရေးအခြေစိုက်စခန်း အဖြစ်အသုံးပြုခြင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက် ဖောက်ခွဲနေခြင်းစတဲ့ အကြမ်းဖက် တရားမဲ့ လုပ်ရပ်များကို လုပ်ဆောင်တဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍမှာ ထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်များအတွက် နိုင်ငံတကာ အနေဖြင့် ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးသူငယ်များအတွက် လုံခြုံစွာ ပညာသင်ယူခွင့်နဲ့ ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာစေရေး အတွက် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေတယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းတဲ့အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲပြီး ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိသစ္စာပြုအပ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ်။