အကြမ်းဖက်စစ်တပ်ကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေကို ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C က စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးနေတယ်လို့ ဒီနေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။
အခုလို စားနပ်ရိက္ခာတွေ ဖြန့်ဝေတာက ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C ထံကို ပြည်သူတွေက ဆန်အိတ် ၂၀၀ ၊ ဆီနဲ့ ခေါက်ဆွဲခြောက်တွေ လှူဒါန်းလာတဲ့အတွက် ဝင်းရော်ဒေသ အရေးပေါ်စစ်ရှောင်ကူညီရေးကော်မတီ(အောက်ပိုင်း) ကတစ်ဆင့် စစ်ဘေးရှောင် ပြည်သူတွေကို ဖြန့်ဝေပေးခဲ့တာလို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ အဘစ်အခြေစိုက် အမြှောက်တပ်(၃၁၈) က ဝင်းရေးမြို့နယ်အတွင်းက ကျေးရွာအချို့ကို ပစ်မှတ်ထားကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၈ ရက် ကစပြီး အကြမ်းဖက်စစ်တပ်ရဲ့ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် အမြှောက်တပ် (၃၁၈) က ၁၂၂ ဟောင်ဝစ်ဇာအမြှောက်တွေ၊ ၁၂၀ မမ စိန်ပြောင်းတွေနဲ့ ခလယ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပုလိန်မြို့ဟောင်းနဲ့ ငြိမ်းချမ်းမြိုင်ရွာတွေဆီကို နေ့စဉ်ပစ်ခတ်နေတာကြောင့် ကျေးရွာအနီးနားဝန်း ကျင်ကျရောက်ပေါက်ကွဲလျက်ရှိပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဝင်းရေးမြို့နယ်အတွင်းက ပုလိန်၊ ခလယ်၊ တံခွန်တိုင်နဲ့ နန်းသိုင်းထွန်ကျေးရွာတွေက ကျေးရွာသား ၁၅၀၀ ဝန်းကျင်ခန့်ဟာ လက်နက်ကြီးကျည်လွတ်တဲ့ ဆွေးမျိုးမိတ်ဆွေတွေရှိရာ ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး အရေးပေါ် စားနပ်ရိက္ခာများလိုအပ်လျက်ရှိနေတယ်လို့လည်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C က ထုတ်ပြန်အသိပေးထားပါတယ်။