ကေအဲန်ယူ−ဆောထိမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းကို အကြမ်းဖက်စစ်တပ်ရဲ့ ခမရ−၃၅၀ (ရှမ်းရွာ)၊ ခမရ−၅၇ (ရွှေကျင်)၊ ခမရ−၂၀၈ (ညောင်လေးပင်)ကနေ ၁၂၀ မမ လက်နက် ကြီး ၁၉လုံးအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU- ဗဟိုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၆ ရက် မနက် ၆နာရီ ၄၄ မိနစ်အချိန်ကနေ စပြီး နေ့လည် ၁၂နာရီ ၅၉ မိနစ်အချိန်ထိ ဆောထိ(ရွှေကျင်)မြို့နယ် ဝိုင်းကျွန်းကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး (၁၉) လုံးအထိ ပစ်ခတ်ခဲ့ တိုက်ခိုက်ခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် (၄)လုံး နဲ့ နွားတင်းကုတ် (၁) လုံး ပျက်စီးပြီး ပြည်သူလူထုမွေးမြူထားတဲ့ တိရိစ္ဆာန်တွေ ထိခိုက် သေဆုံးခဲ့ရတာပါ။
အဲဒီလက်နက်ကြီးတွေ ထိမှန်ပြီး ဝိုင်းကျွန်းကျေးရွာအတွင်းက ဦစန်းညွှန့်၊ ဦးမြစိုး၊ ဦးရဲမောင် နဲ့ ဦးမြင့်နိုင် တို့ရဲ့ နေအိမ် (၄) လုံးထိခိုက်ခဲ့ပြီး ဦးစန်းညွှန့်ရဲ့ နွားတင်ကုတ် (၁) လုံးပျက်စီးကာ ဦးစန်းညွှန့်ရဲ့ နွား (၃) ကောင် သေဆုံးခဲ့ရတယ်ဆိုတာနဲ့ ဦးစန်းညွှန့် နဲ့ ဦးမြစိုးတို့ရဲ့ နွား (၂) ကောင်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNUက အသေးစိတ် ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေတာကြောင့် ခလယ်လွီထူခရိုင် အုပ်ချုပ်နယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူလူထုများပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာအသက်အိုးအိမ်တွေပျက်စီးနေရပြီး ပြည်သူလူထုတွေမှာ စိုးရိမ်ထိတ်လန့်စွာနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။