ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အနောက်ရွာက ဒေသခံ ၁၄ ယောက်ကို အကြမ်းဖက်စစ်တပ်က ဓါးစာခံအဖြစ်ဖမ်းဆီးပြီး စစ်ဝတ်စုံတွေ ဝတ်ခိုင်းကာ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို ညအိပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဒီကနေ့မှာ ဖမ်းဆီးထားတဲ့ ဓားစာခံတွေနဲ့အတူ ပုလဲမြို့နယ်အတွင်းကို ဝင်ရောက်စစ် ကြောင်းထိုးနေတာပါ။
” ပုလဲရောက်နေတဲ့ စကစ စစ်ကြောင်းက ဖမ်းဆီးထားတဲ့ ဓါးစာခံတွေမှာ ဆားလင်းကြီး မိုးကြိုးပြင်အနောက်ရွာက ရွာသား ၁၄ ယောက်ပါဝင်ပါတယ်။ မုံကြိုင်းအရောက်မှာမိုးကြိုးပြင်ရွာသား ၁၀ ယောက်ကို စကစ ယူနီဖောင်းတွေ ဝတ်ဆင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ သရက်ကန် (ယင်းမာပင်)၊ မကျည်းကန် (ပုလဲ)က ဖမ်းဆီး၁၀ယောက်ခန့်ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ရှောင်ရင်း ပက်ပင်တိုးပြီးအဖမ်းခံရပါတာပါ။ မုံကြိုင်းရွာက ဓါးစာခံ အဖမ်းမခံရပါ။ မုံကြိုင်းရွာက CDM တက္ကသိုလ် ဆရာမ တစ်ယောက်ရဲ့ဖုန်းနဲ့ ဘုန်းကြီးကျောင်း က ဘုန်းကြီး တပါးရဲ့ဖုန်းကို စစ်ခွေးတွေလုယူသွားခဲ့ပါတယ်။ ” လို့ ဒေသခံတဦးကပြောပါတယ်။
အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ ပုလဲမြို့နယ် ကုက္ကိုစုအနီးမှာ မိုင်း၅လုံးအဆွဲခံရပြီး ၃ဦးသေဆုံးခဲ့ကာ ၇ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။
အဆိုပါရွာကနေတဆင့် မိုင်းထိထားတဲ့ စစ်သားတွေကို ခေါ်ဆောင်ကာ မုံကြိုင်းရွာထဲကိုစီးနင်းဝင်ရောက်ခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်းထဲက ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ လူလတ်ပိုင်းတွေဆီကနေ အဖိုးတန် ရွှေ၊ငွေတွေ လုယက်ယူဆောင်ပြီး ပြည်သူအများအပြားလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ မိုင်းဆွဲခံရတဲ့ စစ်သားတွေနဲ့အတူ ပုလဲမြို့အထက်တန်းကျောင်းထဲမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
စစ်ကြောင်းရှိရာ အနီးဝန်းကျင်မှာ ရှိတဲ့ ကြောင်သန်းရွာ ရိုးရွာ၊သေတ္တရာရွာ ၊ကျေးနင်းရွာ၊လက်တောင်းရွာက ပြည်သူ ၈၀၀၀ ခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
နေ့စဉ်ရက်ဆက် မိုးများအဆက်မပျက် ရွာသွန်းမှု၊ မိုခါမုန်တိုင်းကြောင့် လမ်း၊တံတားများ ပျက်စီးမှုတွေကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ တိမ်းရှောင်ဖို့ရာ များစွာ အခက်အခဲဖြစ်ပေါ်နေကြတယ်လို့ သိရပါတယ်။