အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးရှို့ဖျက်ဆီးမှု ၄၈ ထိ ပြုလုပ်ခဲ့ကာ နေအိမ် ၁၇၄၈ လုံးထိပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
မီးရှို့ဖျက်ဆီးခံရမှု အများဆုံးက စစ်ကိုင်းတိုင်းအတွင်းမှာ ဖြစ်ပြီးတော့ မီးရှို့ခံရမှုအကြိမ်ရေ ၂၇ ကြိမ်အတွင်းမှာ နေအိမ် ၁၁၂၈ လုံးထိ ပျက်စီးခဲ့တာပါ။ မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ စာသင်ကျောင်း ၁ ကျောင်း ၊ ဘာသာရေးအဆောက်အအုံ ၁ ခု ၊ ဆေးရုံ ၁ ရုံတို့ ပါဝင်ခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရသူ ၄ ဦး အထိရှိခဲ့ပါတယ်။
မကွေးတိုင်းအတွင်းမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၈ ခါ ရှိထားပြီး နေအိမ် ၃၁၃ လုံး မီးလောင်ပျက်စီးခဲ့ရ ပါတယ်။ ဒါအပြင် ပြည်သူတစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။ ပဲခူးတိုင်းအတွင်း မီးရှို့ခံရတဲ့ အကြိမ်ရေ ၂ ခါ ရှိထားပြီး နေအိမ် ၉၂ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။
မန္တလေးတိုင်းအတွင်းမျာ မီးရှို့ခံရတဲ့အကြိမ်ရေ ၂ ခါ ရှိပြီးတော့ မီးလောင်ပျက်စီးတဲ့ နေအိမ် ၈၀ ၊ ကချင်ပြည်နယ်မှာ မီးရှို့ခံရတဲ့ အကြိမ်ရေ ၂ ခါ နဲ့ မီးလောင်ပျက်စီးတဲ့နေအိမ် ၆၇ လုံး ၊ ကယားပြည်နယ်မှာ မီးရှို့ခံရတဲ့ အကြိမ်ရေ ၄ ခါနဲ့ မီးလောင်ပျက်စီးတဲ့ နေအိမ် ၄၆ လုံးရှိခဲ့ကာ မီးလောင်ပျက်စီးတဲ့အထဲ စာသင်ကျောင်း တစ်ကျောင်းပါဝင်ခဲ့ပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ မီးရှို့ခံရတဲ့ အကြိမ်ရေ ၂ ကြိမ်နဲ့ မီးလောင်ပျက်စီးတဲ့နေအိမ် ၁၆ လုံး ၊ ကရင်ပြည်နယ်မှာ မီးရှို့ခံရတဲ့ အကြိမ်ရေ ၁ ကြိမ်နဲ့ မီးလောင်ပျက်စီးတဲ့ နေအိမ် ၆ လုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုဖော်ပြထားတဲ့ အချက်အလက်တွေက လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်က ပေးပို့လာတဲ့ အချက်အလက်တွေကို စိစစ်ပြီးတော့ ဖော်ပြထားတာဖြစ်တယ် လို့လည်း မီးသတ်ဦးစီးဌာနက ဖော်ပြထားပါတယ်။
ဒါအပြင် ယခုဖော်ပြတဲ့ အချက်အလတ်များထက် မြေပြင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက ပိုများနိုင်တယ်လို့လည်း အသိပေးထားပါတယ်။