အကြမ်းဖက်စစ်တပ်က KNUနယ်မြေအတွင်းက ပြည်သူ ၄ဦးကို သတ်ဖြတ်ခဲ့တဲ့အနက် အမျိုးသမီးတဦးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့ကာ အလောင်းဖျောက်ခဲ့တယ်လို့ KNU – ဗဟိုက ဒီနေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူးခရိုင်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရက်တွေကြောင့် တစ်ရက်အတွင်း ပြည်သူ (၄) ဦးသေဆုံးခဲ့ရတဲ့အပြင် နေအိမ် (၅) လုံးလည်းပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဇွန်လ ၉ရက်က ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ဒေသခံ(၂) ဦးကို ထိမှန်သေဆုံးခဲ့ရကာ နေအိမ်(၃)လုံးကိုလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုရဲ့ နေအိမ်(၂)လုံးကိုလည်း မီးရှို့ဖျက်ဆီး ခဲ့တဲ့အပြင် ဒေသခံအမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၁)ဦးကို မုဒိန်းကျင့်ပြီး ပစ်သတ်ခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေအရ သိရတယ်လို့ KNU -ဗဟိုက အသိပေးဖော်ပြထားတာပါ။
အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့တဲ့ အဲဒီဒေသခံ(၂)ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်တဲ့ အပြင် ဒေသခံ(၂)ဦးရဲ့အလောင်းကို ရှာမတွေ့သေးဘူးလို့ဆိုပါတယ်။
ဒါပေမယ့်လည်း စစ်တောင်းမြစ်အတွင်းအလောင်း(၂)လောင်းမျှောပါလာတာကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။