ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းဝမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သက္ကောဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ညိုစစ်ကြောင်းက ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Taung Nyo Column-P29906 က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထား ပါတယ်။
တောင်ညိုစစ်ကြောင်း တပ်ခွဲ (၁)မှ ရဲဘော်များက ဒီဇင်ဘာ ၁၂ ရက်၊ မနက် ၉ နာရီအချိန်ခန့်မှာ ဘုရားသုံးဆူလမ်းဝမှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ သက္ကောဂိတ် အထိုင်စခန်းအား ဒရုန်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သလို၊ ခရီးသွားပြည်သူများ လုံခြုံရေးအတွက် ယာဥ်စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
တောင်ညိုစစ်ကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြီး ၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များဟာ အမှတ် (၈) ပြည်ထောင်စု လမ်းမပေါ်သို့ ဖြတ်သန်းသွားလာရဲခြင်းမရှိတော့ဘူးလို့လည်း ပြောပါတယ်။
အဆိုပါ လမ်းပိုင်းတွင် ခရီးသွားပြည်သူများ နဲ့ ကားဆရာများအား အကြမ်းဖက်စစ်ကောင်စီနဲ့ ပက်သတ်တဲ့ အသုံးအဆောင်များ၊ သယ်ဆောင်ခြင်းမပြုဖို့ကိုလည်း အထူးမေတ္တာရပ်ခံ မှာကြားခဲ့ တယ်လို့လည်း ဖော်ပြထားပါတယ်။