မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်းက အကြည်ပန်းပလွန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် အထူးပင်ဝမ်းနည်းကြေကွဲမိတယ်လို့ ချင်းညီနောင် (Chin Brotherhood) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်က မေလ (၉)ရက် မနက် ၁၁နာရီ ဝန်းကျင်မှာ အကြည်ပန်းပလွန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အနည်းဆုံး လူ ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိခဲ့ရတဲ့အတွက် အထူးပင်ဝမ်းနည်း ကြေကွဲမိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်ဆွေမျိုးအသိုင်းအဝိုင်းတွေ ဒဏ်ရာရပြည်သူတွေ အိုးအိမ်ပျက်ဆီး ဆုံးရှုံးခဲ့ရသူတွေ အပြစ်မဲ့ ပြည်သူတွေနဲ့ ထပ်တူခံစားရတယ်”လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာ စစ်ရေးစံနှုန်းတွေနဲ့ လူအခွင့်ရေးတွေကို လေးစားလိုက်နာတာ လုံးဝမရှိဘဲ အရပ်သားပြည်သူကို ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်ကာ လူသားမဆန်လုပ်ရပ်တွေကို နိုင်ငံအနှံ့ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို အင်မတန် ရွံရှာဖွယ်ကောင်း တယ်လို့ ဆိုပါတယ်။
ကျဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ ဆုံးရှုံးမှုတွေအတွက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့အတူ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး လူထုတော်လှန်ရေးအရှိန်ကို မြှင့်တင်သွားမှာဖြစ်တယ်ဆိုတာ ဒီဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်လိုက်တာလို့ Chin Brotherhood ကဆိုပါတယ်။