အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်ချင်တဲ့ လူငယ် တွေကို တိုင်းရင်းသားအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးလွတ်မြောက်နယ်မြေတွေဆီ ကူညီပို့ဆောင်ရွက်ပေး နေတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အဲဒီလို ကူညီဆောင်ရွက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် NUG ဆီကို လာရောက်စုံစမ်းတဲ့သူတွေဟာလည်း မတ်လ ၃၀ ရက်နေ့ကနေ ဒီနေ့အထိ တလအတွင်း (၁၅,၀၀၀)တစ်သောင်းခွဲဝန်းကျင်ရှိနေပြီး လာမေးတဲ့သူအများစုဟာ အမျိုးသားတွေဖြစ်တယ်”လို့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
လာရောက်ဆက်သွယ်ပြီးတော့ PDF ထဲဝင်ချင်တယ်ဆိုလည်း MOD နဲ့ ချိတ်ဆက်ပြီးတော့ ဝင်ချင်တဲ့သူတွေကို ဆောင်ရွက်ပေးတာရှိပြီး လွတ်မြောက်ရာနယ်မြေမှာ ခိုလှုံချင်တယ်ဆို ရင်လည်း တိုင်းရင်းသားအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပို့ဆောင်ပေးတာတွေရှိနေတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောပါတယ်။
“NUG အနေနဲ့ ပြည်သူတွေကို တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ တယ်လီဂရန်ချန်နယ် (Telegram Hot Line) နဲ့ ချိတ်ဆက်ထားတယ်”လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
ဆက်သွယ်မေးမြန်းသူတွေထဲမှာ အများစုက အမျိုးသားတွေဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေအပြင် မိဘ၊ ဆွေမျိုးတွေကလည်း မေးမြန်းတာတွေရှိပြီး လူငယ်တွေ အတွက် ဒီလိုဆောင်ရွက်မှုတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်း ဆောင် ရွက်မှုတွေလည်း ရှိနေတယ်လို့ ဦးနေဘုန်းလတ်က ဆက်ပြောပါတယ်။
ဒါ့အပြင် “စစ်သားစုဆောင်းခံရပြီးနောက် ပြည်သူတွေကို ပြန်တိုက်ခိုက်သူတွေမဖြစ်ဖို့ ပြည်သူ့ရင်ခွင်အဖွဲ့လို အကူအညီပေးရေးအဖွဲ့တွေကိုလည်း ဆက်သွယ်နိုင်တယ်”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။