အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဖေဖော်ဝါရီ ၂၄ရက်က တားမြစ်မိန့်ထုတ် ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်မှုတိုက် ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၃) ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ်(၁၃)၊ (၁၅)၊ (၁၆)မှာ ဖော်ပြထားတဲ့အကြမ်းဖက်မှု ဆိုင်ရာပြစ်မှုတွေကို တားဆီးနှိမ်နှင်းဖို့ ရည်ရွယ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ဤအမိန့်ကို ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ အတင်းအဓမ္မဖမ်းဆီးတာ၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်သင်တန်းပေးတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တာဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်ရာရောက်တာကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ တားမြစ်မိန့် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
အဆိုပါ တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အညီ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူတာတွေ ဆောင်ရွက်မှာ ဖြစ်တယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုတွေ ကြုံတွေ့နေရလို့ ပြည်သူတွေ ကို အကြမ်းဖက်မှုတွေမှာ အတင်းအဓမ္မပါဝင်စေခိုင်းဖို့နဲ့ စစ်ပွဲတွေမှာ လူသားဒိုင်းတွေ အဖြစ် စေခိုင်းဖို့ ရည်ရွယ်ပြီး အဲဒီလို လုပ်ဆောင်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတည်းက အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူဖို့ ကြိုးပမ်း နေတဲ့ တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်လို့ ဥပဒေပြဌာန်းတာ ၊ အာဏာတည်တာ ဆောင်ရွက်ဖို့ အခွင့်အာဏာမရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။