အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နဲ့ပတ်သက်ပြီး တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်တဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ဖွင့်လှစ်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
လတ်တလောမှာ အဆိုပါ ပြည်သူ့ရေးရာဝန်ဆောင်မှုကို အဓမ္မစစ်သားစုဆောင်းမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နေ့စဉ် နံနက် (၁၀) နာရီကနေ ည (၁၀) နာရီအထိ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။
” အကြမ်းဖက်စစ်အုပ်စုလုပ်ဆောင်နေသော အတင်းအဓမ္မစစ်သားစုဆောင်းမှု၏ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြရသည့် ပြည်သူလူထုတရပ်လုံးအနေဖြင့် အထက်ပါ Channel မှတဆင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံဉာဏ်များတောင်းခံခြင်း၊ အကူအညီများတောင်းခံခြင်း၊ တိုင်ကြားခြင်း၊ သတင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ပြီး Channel တာဝန်ခံအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရုံးဌာနများနှင့် ချိတ်ဆက်ကာ မေးခွန်းများပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက်ဆိုင်ရာဌာနများသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ တိုင်ကြားမှု သတင်းပေးမှုများကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါ” လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရတဲ့ ပြည်သူလူထုရဲ့ စိတ်သောကများကို သက်သာရာရစေဖို့ နဲ့ လိုအပ်တဲ့ အကူအညီနဲ့ အထောက်အပံ့များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ် Telegram Channel – https://t.me/nugpublicaffairsbot ကို ယနေ့ စတင်ဖွင့်လှစ်လိုက်တာဖြစ်ပြီး အဲ့ဒီကနေ ဝန်ဆောင်မှုတွေ ရယူနိုင်မှာ ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ အဓမ္မစစ်သားစုဆောင်းပြီး မိမိတို့ကို ထပ်မံဖိစီးနှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို သက်ဆိုးရှည်စေမယ့် လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ကာ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ကြဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားပါတယ်။