အကြမ်းဖက်စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ကနေ ၂၀၂၃ ဇူလိုင်လအထိ လူငါးယောက်နဲ့ အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး (၁၄၄) မှု ကျူးလွန်ခဲ့ပြီး၊ အပြစ်မဲ့ပြည်သူ (၁၅၉၅) ယောက်ကို သတ်ဖြတ် ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ ရရှိထားတဲ့ အချက်လက်တွေအရ သိရပါတယ်။
၂၀၂၁ ခုနှစ်မှာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု (၁၁) ကြိမ်၊ ၂၀၂၂ ခုနှစ်မှာ (၈၅)ကြိမ်နဲ့၂၀၂၃ ခုနှစ် ဇူလိုင်လအထိ (၄၈) ကြိမ် အထိ ကျူးလွန်မှုရှိခဲ့တဲ့အကြောင်းကို မှတ်တမ်းကောက်ယူထားနိုင်တယ်လို့ ဆိုပါတယ်၊
လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ကောက်ယူရရှိထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်၊ စုန်းချောင်း ကျေးရွာမှာ ကျူးလွန်ခဲ့တာက နောက်ဆုံးကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်လို့ သိရပါတယ်။
အဲဒီသတ်ဖြတ်မှုမှာအသက် (၁၈)နှစ်အောက် (၄) ယောက်အပါအဝင် အပြစ်မဲ့ပြည်သူ (၁၄)ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ကောက်ယူရရှိထားတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ချိုးဖောက်မှုတွေအပေါ် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်း သွားမယ်လို့ ဆိုပါတယ်။
တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့လဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန် နေမှုတွေကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို ပေးပို့ပေးကြဖို့ မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။
ဒါ့ပြင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ အလေ့အထတွေကိုအပြီးတိုင် ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာ အသွင်ကူးပြောင်း ရေးဆိုင်ရာ တရားမျှတမှု ကို ဖော်ဆောင်နိုင်ဖို့အတွက် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း တင်ခြင်း၊ တရားမျှတမှု ရှာဖွေ ခြင်း လုပ်ငန်းတွေကနေတဆင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။