မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အကြမ်း ဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ရေးဆိုင်ရာ အစည်းအဝေး ကျင်းပနေစဉ် တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဧပြီလ ၈ ရက်နေ့ ညနေ ၅နာရီ ၁၀မိနစ်အချိန် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းရုံးအတွင်း စစ်ကောင်စီဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့်အဖွဲ့ စစ်ဆင်ရေးကွပ်ကဲမှုအစည်းအဝေးလုပ်နေကြောင်း သတင်းရရှိ၍ ရှာထူးဝေါ်နည်းပညာ တပ်ဖွဲ့ ၏ Alpha bats တပ်ခွဲ က မြေပြင်လုံခြုံရေးပူးပေါင်းတပ်များ အကူအညီဖြင့် Fixed Wing Drone အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ဒုချုပ် စိုးဝင်းနှင့် ရတခတိုင်းမှူးတို့ အစည်းအဝေးကျင်းပနေရင်း ချက်ချင်းရပ်ကာ ရုံး ဆင်းသွားကြောင်း၊ ဖော်ကာနှင့် ဂျက်တိုက်လေယာဉ် ၂စီးလည်း နောက်ထပ် ဒရုန်း တိုက်ခိုက်မှုများလာမည်ကိုကြောက်၍ ပျံသန်းကင်းလှည့်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ ယနေ့ ညပိုင်း မော်လမြိုင်တွင် ပေါက်ကွဲသံများ ဆက်တိုက်ကြားရကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်စဉ် ပေါက်ကွဲမှုကြောင့် ရတခ တိုင်းအတွင်း တုန်လှုပ်ခြောက်ခြားမှုများဖြစ်ကာ လေယာဥ်များ၊ ကားများ၊ လုံခြုံရေးများ အထူးပြင်ဆင်ကာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ကြောင်း ၊အထိအခိုက်အသေးစိတ်မသိရှိရသေးကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ပြောဆိုသည်။
လတ်တလော မော်လမြိုင် ရတခ ဌာနချုပ် တွင် စိုးဝင်းရောက်နေသကဲ့သို့ ဘားအံ တပ်မ၂၂ တွင်လည်း ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ရောက်ရှိနေကာ မြဝတီ၊ သင်္ဃန်းညီနောင်ဘက်သို့ လေကြောင်းထိုးစစ်များ ပြုလုပ်ရန် ကြံစည်နေကြကြောင်း သိရှိရသည်။