ကရင်ပြည်နယ်၊ ကော့ကရိတ် – မြဝတီ အာရှလမ်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် စစ်ကြောင်းတွေရဲ့ လိုအပ်ချက်တွေဖြည့်ပေးဖို့ “အောခေါနော” ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ကမ်ပိန်းရဲ့ Target ကို ကျပ်သိန်း ၂၀၀၀ သတ် မှတ်ထားပြီး ကမ်ပိန်းကာလကို မေ ၁ ရက်ကနေ ၃၀ ရက်ထိ စီစဉ်ထားခဲ့ရာ လက်ရှိမှာ ၁၀ရာခိုင်နှုန်းသာ ရရှိသေးပြီး မျှော်မှန်းပမာဏနဲ့ အရမ်းဝေးကွာနေလို့ ဇွန် ၃၀ ရက်ထိ တလသက်တမ်းတိုးထားတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ လက်အောက်ခံ စစ်ဒေသခွဲ ၃ တပ်ရင်းနဲ့ စစ်ကြောင်းတွေအတွက် အရေးပေါ်လိုအပ်တာတွေကို ဖြည့်တင်းဖို့အတွက် ရည်ရွယ်ပြီး “အောခေါနော” ကမ်ပိန်းကို ပြုလုပ်နေတာဖြစ်ပြီး “အောခေါနော” ဆိုတဲ့ စကားဟာ ကရင်ဘာသာ စကားဖြစ်ပြီး မြန်မာလို ” မုန့်ဟင်းခါး စားပါဦး ” လို့ အဓိပ္ပာယ်ရတယ်လို့ သိရပါတယ်။
ရရှိလာမယ့် ရံပုံငွေတွေကို တောင်ပိုင်းစစ်ဒေသခွဲ ၃ အတွက် လိုအပ်တဲ့ လူနာတင်ယာဉ်၊ Triple K တပ်ရင်းအတွက် ဒရုန်းတစင်းနဲ့ မြစန္ဒီ စစ်ကြောင်းအတွက် လက်နက်နဲ့ ကျည် အချို့ကို ဝယ်ယူနိုင်ရန်အတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
” ဒီကမ်ပိန်းမှာ ပါဝင်လို့ရတဲ့ ငွေပမာဏကိုလည်း သတ်မှတ်ထားတာမျိုး မရှိဘဲ မိမိတတ်နိုင်သလောက် ဝိုင်းဝန်းထောက်ပို့လို့ရပါတယ် ” လို့ ကမ်ပိန်း တာဝန်ရှိသူတွေက ပြောပါတယ်။