စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းက ပုဂံကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့မနက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် နှမ်းဘဲလှကျေးရွာက ပြည်သူတဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များကနေ သိရပါတယ်။
ဒီပဲယင်းမြို့နယ် အေးသာယာ(ပျံကျ)ကျေးရွာကို ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းဟာ နောက်ကြောင်းပြန်ခေါက် စစ်ကြောင်းထိုးကာ ပုဂံကျေးရွာကို ဒီကနေ့ အောက်တိုဘာ ၂ရက် ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာပါ။
ပုဂံကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် နှမ်းဘဲလှကျေးရွာသား ကိုဝင်းအောင်ကို မနက် ၈နာရီ ဝန်းကျင်က ဖမ်းဆီးသွားပြီး ပုဂံကျေးရွာအနီးက ငရုပ်ခင်းဘေးမှာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လ စက်တင်ဘာ ၃၀ရက်ကလည်း လက်တီးကျေးရွာက ပြည်သူ တဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ တယ်ဆိုတာနဲ့ ပြည်သူနှစ်ဦးကို ထပ်မံ ဖမ်းဆီးသွားပြီးလက်ရှိအချိန်ထိ အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။