ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU(ဗဟို)က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ က ဒီဇင်ဘာ ၂၅ ရက်မှာ လယ်ဒိုမြို့နယ်ရဲ့ အလှိုင်ကျေးရွာကို ၁၂၀မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီးက ဦးမျိုးမြင့်သန်းရဲ့ နေအိမ်အနီးမှာ ကျရောက် ပေါက်ကွဲပြီး ဒေသခံပြည်သူတစ်ဦး ရဲ့ အိမ်သုံးပစ္စည်းများ၊ ဒေါ်သီတာတိုး နေအိမ်နဲ့ အိမ်သုံးပစ္စည်းတွေ ပျက်စီးသွားခဲ့ရတဲ့အပြင် ညနေ ၅နာရီ ၅၃မိနစ်မှာ ဖိုးတနဲ့ရွာသာယာကြားမှာ လက်နက်ကြီး(၁)လုံး၊ ည ၈နာရီ ၅၆မိနစ် အချိန်မှာ ကုန်းချောင်းဝမှာနေပြီး အနားဘော်ကျေးရွာသို့ လက်နက်ကြီး (၁)လုံး ထပ်မံပစ်ခတ်ခဲ့ တယ်လို့ ဆိုပါတယ်။
ဒါအပြင် လယ်ဒိုမြို့နယ်နဲ့ ဆောထိမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ-၂၆၄က ဒီဇင်ဘာ ၂၃ရက်နဲ့ ၂၄ ရက်မှာ လက်နက်ကြီး(၈၁မမ၊ ၁၂၀မမ နဲ့ ၁၅၅မမ) များဖြင့် ရေတွင်းကုန်းကျေးရွာကို (၉)လုံး၊ တောင်ခင်ကျေးရွာကို (၃)လုံး၊ ချုံအင်းကျေးရွာကို (၁)လုံး စုစုပေါင်း(၁၃)လုံး ပစ်ခတ်ခဲ့တဲ့အပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာလည်း ဂျက်ဖိုက်တာ ၂ စင်းက တုံးတံတားကျေးရွာသို့ ဗုံး(၃)လုံး၊ ရွှေငါးဖြူလမ်းခွဲတွင် (၂)လုံး စုစုပေါင်း(၅)လုံး ပစ်ခတ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် အကြမ်းဖက်စစ်တပ်ရဲ့ ပိန်းဇလုပ် အခြေစိုက်တပ်ရင်း ခလရ-၂၆၄ကပဲ ဟောင်ဝစ်ဇာလက်နက်ကြီး (၅)လုံး ပစ်ခတ်ခဲ့ရာ ဒေသခံ ပြည်သူတွေ လုပ်ကိုင်စားသောက်ရာ နေရာဖြစ်တဲ့ ကျခဲလေး ကို ကျရောက်ပေါက်ကွဲခဲ့ရာ အင်းဗလာ ကျေးရွာမှ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ရွှေဝါတပ်ရင်း ခလရ-၃၀၇ တပ်ရင်းကနေ သဖန်းပင်ကျေးရွာကို ဒီဇင်ဘာ ၂၄ ရက် ည ၇နာရီ ၄၅မိနစ် အချိန်က ၁၂၀ မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ပြီး ထိုလက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၄၄နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်စထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပုံနဲ့တကွ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။