စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ် လက်အောက်ခံအဖွဲ့အစည်းတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၁၄၄၃ ဦးအထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးသတ်ဖြတ်မှုတွေကို အကျဉ်းထောင်၊ စစ်ကြောရေး၊ စစ်တန်းလျား၊ ဒါမှမဟုတ် ပြင်ပထိန်းသိမ်းထားတဲ့ နေရာတွေမှာ ကျူးလွန်ခဲ့တာဖြစ်ပြီး အဲဒီလိုကျူးလွန်ချိန်မှာ သတ်ဖြတ်ခံရသူတွေဟာ လက်ထိပ် ဒါမှမဟုတ် ကြိုးနဲ့ ချုပ်နှောင်ခံထားရတယ်လို့ ဆိုပါတယ်။
အများဆုံးက စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၀၀ ကျော်ရှိခဲ့တယ်လို့ AAPP ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။
အခုလို ဖမ်းဆီးသတ်ဖြတ်ခံရသူတွေ အပါအဝင် နိုင်ငံတစ်ဝန်း စုစုပေါင်း သေဆုံးသူ ဦးရေဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ၄၁၃၁ ဦးအထိရှိလာပြီလို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒီထဲမှာ ကလေးငယ် ၄၆၆ ဦးနဲ့ အမျိုးသမီး ၆၁၃ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အရပ်သားသေဆုံးမှုတွေဟာ စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော် ကောင်စီနယ်မြေနဲ့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ ဖြစ်ပွားခဲ့ပါတယ်။
ဒီအပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံထားရသူ ၁၉၂၈၆ ဦးရှိတယ်လို့ AAPP ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။