အကြမ်းဖက် စစ်တပ်ရဲ့ ဘူးသီးတောင် ခမရ(၅၆၅)တပ်ရင်းက ဗိုလ်မှူး ဇော်ဇော်အောင်ကို ရက္ခိုင့်တပ်တော်( AA)က အရှင်ဖမ်းမိခဲ့တယ်လို့ မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်ရဲ့ ဘူးသီးတောင်၊ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၆၅) တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ဧပြီ ၅ ရက် ညနေ (၄) နာရီခန့်က ဘူးသီးတောင်မြိုနယ်၊ ဘဒနာကျေးရွာ အနီးမှာ ရက္ခိုင့်တပ်တော်က လက်ရဖမ်းဆီးရမိခဲ့တာပါ။
အဆိုပါ အသက် (၄၀) အရွယ် အကြမ်းဖက် ဒုတပ်ရင်းမှူးဟာ DSA အပတ်စဉ် (၄၇)ဆင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ (၅၆၄) တပ်ရင်းဌာနချုပ် ကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စခန်းသိမ်းတိုက်ပွဲကနေ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေကြတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်တွေထဲက တစ်ဦးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် က အသိပေးထားပါတယ်။
ရက္ခိုင့်တပ်တော်က ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ရက္ခိုင့်တပ်တော် ဆေးတပ်ဖွဲ့က လူသားချင်းစာနာစွာနဲ့ ဆေးကုသပေးနေတယ်လို့လည်း ဖော်ပြပါတယ်။
ဒါ့အပြင် ခမရ (၅၆၄) စခန်းက လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်တော်က လိုက်လံ တိုက်ခိုက် ချေမှုန်းနေတယ်လို့ ဆိုပါတယ်။
အဲဒီ ချေမှုန်းတိုက်ခိုက်မှုအတွင်း ဧပြီ ၇ရက်နေ့အထိကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့တယ်ဆိုတာနဲ့ အခြားလွတ်မြောက်နေသေးတဲ့ သူတွေကိုလည်း ဆက်လက် လိုက်လံ တိုက်ခိုက် ချေမှုန်းတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။