အကြမ်းဖက်စစ်ကောင်စီအတွက် ပအိုဝ်း အချင်းချင်းမတိုက်ခိုက်လိုတာကြောင့် စစ်တပ်လက်အောက် ခံ PNOပြည်သူ့စစ်တစ်ဦးက လက်နက်နဲ့အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထံ အလင်းဝင်လာခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ အလင်းဝင်လာတဲ့ ပြည်သူ့စစ် တစ်ဦးကို PNLAက နွေးထွေးစွာကြိုဆိုခဲ့ပြီးတော့ လိုအပ်တဲ့ဆုကြေးငွေများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကာ လွတ်လပ်စွာသွားလာ နေထိုင်ခွင့်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အနေနဲ့ ပအိုဝ်းအချင်းချင်းတိုက်ခိုက်မည်မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။
ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲဝင် လုပ်နေရတဲ့ သူတွေအနေနဲ့ စစ်အာဏာရှင်အတွက် မရပ်တည်တော့ဘဲ အချိန်မှီလက်နက်နဲ့တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်ကို ကူးပြောင်းကာ အလင်း ဝင်ကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(PNLA)တိုက်တွန်းထားပါတယ်။