ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်က ပြည်တွင်းအခွန်များဦးစီးမှူးရုံးကို ဗုံးဖောက်ခွဲခဲ့သူတွေဆိုပြီး Brave Eagle အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်လေးဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေက ဇွန်လ ၁၁ ရက် ဒီနေ့မှာ ဖော်ပြပါတယ်။
ဇွန်လ ၅ ရက်နေ့က အဲဒီအခွန်ရုံးမှာ ဗုံးပေါက်ကွဲပြီးနောက် Brave Eagles အဖွဲ့ခေါင်းဆောင် ကိုအောင်မြင်သူ ဇွန်လ ၈ ရက်နေ့မှာ စတင်ဖမ်းဆီးခံခဲ့ရပြီးနောက် အဖွဲ့ဝင်တွေ ဆက်တိုက်ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီအဖွဲ့ဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လပထမပတ်ထဲမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အလုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲခဲ့မှု၊ စမ်းချောင်းမြို့နယ် မြေနီကုန်းမီးပွိုင့် ယာဉ်ထိန်းရဲရုံးအနီး ဖောက်ခွဲမှု၊ စမ်းချောင်းမြို့နယ် တရားရုံးကို လက်လုပ်မိုင်းနဲ့ ဖောက်ခွဲခဲ့မှုအပါအဝင် ဖောက်ခွဲမှုခုနစ်ကြိမ်လုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။
စစ်ကောင်စီဘက်က အခုလို မထုတ်ပြန်ခင် ဇွန်လ ၉ ရက်နေ့က Brave Eagles အဖွဲ့ခေါင်းဆောင် ကိုအောင်မြင်သူ ဖမ်းဆီးခံရလိုက်ရကြောင်း လူမှုကွန်ရက်စာမျက်နာတွေမှာ အသိပေးမှုတွေလုပ်ခဲ့တာ တွေ့ရပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က ဖွင့်လှစ်ခဲ့တဲ့ Brave Eagles ရဲ့ တယ်လီဂရန်ချန်နယ်တစ်ခုမှာတော့ ဇွန်လ ၅ ရက်က ပြည်တွင်းအခွန်များဦးစီးမှူးရုံးကို ဖောက်ခွဲခဲ့တာ သူတို့အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးကိုလည်း ဖောက်ခွဲခဲ့တယ်လို့ Brave Eagles တယ်လီဂရန်အကောင့်ကနေ အသိပေးထားပါတယ်။
အခုဖမ်းဆီးခံထားရသူတွေဟာ Brave Eagles အဖွဲ့ဝင်တွေ ဟုတ်၊ မဟုတ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြည်တွင်းအခွန်များဦးစီးမှူးရုံး ပေါက်ကွဲမှုမှာ စစ်ကောင်စီရဲ့ အခွန်ဌာနက ဝန်ထမ်းငါးဦးနဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။