အဂတိလိုက်စားမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ က လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးနေရာမှာ ဗိုလ်မှူးကြီး တစ်ဦးကို အစားထိုးခန့်အပ်လိုက်ပါတယ်။
ဗိုလ်မှူးကြီး သိန်းလင်းအစား ဗိုလ်မှူးကြီး မင်းမင်းလတ်ကို အစားထိုးခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားပါတယ်။ ဗိုလ်မှူးကြီးမင်းမင်းလတ်ဟာ စစ်တက္ကသိုလ်က နည်းပြအရာရှိချုပ်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး သိန်းလင်းဟာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူတို့နဲ့အတူ ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။ သူတို့ ဖမ်းဆီးစစ်ဆေးခံရပြီးနောက်မှာ မြိတ်နဲ့ ကော့သောင်းက ခရိုနီစီးပွားရေးလုပ်ငန်းရှင် ၆ ဦးထက်မနည်း စစ်ဆေးခံခဲ့ရပါသေးတယ်။
အဲဒီနောက်ပိုင်းမှာ ဖမ်းဆီးစစ်ဆေးခံရသူတွေရဲ့ နေရာမှာ အစားထိုးခန့်အပ်တာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။
ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး နေရာကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးက စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်း၊ စကခ ၂၀ ဌာနချုပ်မှူး နေရာကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဇေယျာလင်းတို့ကို အစားထိုးခန့်အပ်လိုက်လို့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။