စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ အင်မထီးပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားတစ်ဦး ပထမဆုံးအကြိမ် လက်နက်ခဲယမ်းများ သယ်လာပြီး အလင်းဝင်လာ၍ ဆုငွေကျပ်သိန်း၈၀ ချီးမြှင့်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၃၊ ၄၊ ၅၊ ၆)သတင်းနှင့် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
ဇန်နဝါရီ ၂ ရက်က ပုလဲမြို့နယ်၊ အင်မထီး(ပျူစောထီး)ကျေးရွာရှိ မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)၊အဆရ အမှတ်-၁၂ တပ်ရင်းမှ တပ်သားရဲနိုင်ဖြိုးဆိုသူသည် ယင်းမာပင်ခရိုင် တပ်ရင်း ၃၊၄၊၅၊၆ ပူးပေါင်းစစ်ဆင်ရေး နယ်မြေအတွင်းရှိ တာဝန်ကျရဲဘော်များထံသို့ အလံဖြူထောင်၍ ဆက်သွယ် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆ သတင်းနှင့် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှင့်ပတ်သက်၍ “သူပြောတာကတော့ ပျူရွာထဲမှာရှိတဲ့ တပ်သားလေး အနည်းငယ်တောင်မှ သူတို့ ကောင်းကောင်းမစီမံနိုင်၊ မအုပ်ချုပ်နိုင်တော့တာရယ်၊ လက်အောက်ငယ်သားတွေအတွက် ဘာမှ ကြည့်မပေးတဲ့အပြင် ဒီတိုင်း သေဖို့ရက်ထိုင်စောင့်နေရသလိုမျိူးတွေ၊ အနေဆင်းရဲ အစားဆင်းရဲပြီး ဘာမှအဆင်မပြေတော့တာတွေကောကြောင့်ပါတဲ့။ ပြီးတော့ သတင်းတွေထဲမှာ ဒီလိုအလင်းဝင်လာတဲ့သူတွေဆို ဘယ်လိုနေရတယ်။ ကျနော်တို့ဘက်က ဘယ်လိုဆက်ဆံတယ်ဆိုတာတွေကြည့်ပြီး သူက အမှားနဲ့အမှန်ကို နည်းနည်း ခွဲခြားကြည့်တတ်လာတာကနေ ဝင်ရောက်ခဲ့တာပါတဲ့”ဟု သတင်းနှင့် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
တပ်သားရဲနိုင်ဖြိုးသည် MA-11 တစ်လက်၊ ကျည်ဘောက် ၃ ခုနှင့်အတူ ကျည် ၆၁ တောင့်ကိုပါ သယ်ဆောင်အပ်နှံခဲ့၍ ၎င်းအားဆုငွေ ကျပ် (၈၀)သိန်း ချီးမြှင့်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း( ၃၊ ၄၊ ၅၊ ၆)က အသိပေးသည်။
အဆိုပါ တပ်သားအား ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းမထီးပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
“အရင်တုန်းကတော့ ပျူစောထီးမိသားစုတွေ မနေချင်တော့လိုဆိုပြီး ထွက်လာတာတွေလည်းရှိပါတယ်။ သူတို့ကတော့ ပစ္စည်းဘာညာ မပါဘူးပေါ့။ ဒီတိုင်း အဲ့ပျူစောထီးကျေးရွာထဲမှာ မနေချင်လို့ ထွက်လာတာပါပဲ”ဟု ၎င်းက ပြောသည်။
အာဏာသိမ်းကာလအတွင်း ပုလဲမြို့နယ်၌ ပျူစောထီးအားကောင်းရာ အင်မထီးရွာနှင့် ဇီးဖြူကုန်းကျေးရွာတို့မှ ရွာသူ၊ ရွာသား ၅၀ ကျော် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။