စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ တုံစီကျေးရွာအနီး ဖြစ်ပွါးခဲ့သည့် တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်မှ အင်းတော်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းစစ်ကြောင်းကို ဗန်းမောက် – အင်းတော်အစပ် တုံစီနှင့် မြသီတာကျေးရွာကြားတွင် အင်းတော် PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း Indaw Revolution (IR) ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“အင်းတော် PDF က တစ်ယောက်ကျတယ်။ ခြောက်ယောက် ဒဏ်ရာရတယ်။ (စစ်ကောင်စီဘက်က) ဒဏ်ရာရတဲ့သူတွေပါတယ် ကြားတယ်။ ဘယ်လောက်ဒဏ်ရာရမှန်တော့ မသိရသေးဘူး”
ယမန်နေ့မွန်းလွဲပိုင်းမှစပြီး ညဦးပိုင်းထိ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းနှင့် အင်းတော်စစ်တပ်ကုန်းနှင့် မဲဇာကျေးရွာရှိ ရဲစခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
PDF များနှင့် တိုက်ပွဲဖြစ်ပွါးခဲ့သည့် စစ်ကြောင်းမှာ အင်အား ၁၀၀ ဝန်းကျင်ပါရှိပြီး အင်းတော်စစ်တပ်ကုန်းတွင် စစ်အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာခြင်းဖြစ်မည်ဟု ယူဆရကြောင်း IR တာဝန်ခံက ဆိုသည်။
မြို့သိမ်းတိုက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်မည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြွေးကြော်ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်း၊ ပင်လည်ဘူးတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်နိုင်ခဲ့ပြီး ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကြသည်။
အင်းတော်မြို့အတွင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ကတုတ်ကျင်းများ အခိုင်အမာဆောက်လုပ်နေပြီး မြို့အတွင်းရှိ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များက စစ်တပ်ဗျူဟာကုန်းသို့ ပြောင်းေရွှ့နေထိုင်နေကြကြောင်း သိရသည်။