ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ နမ်ဗျူ၊ နမ်ခမ် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က မေလ ၁၆ရက်တွင် သိမ်းယူနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။
KIA တပ်မဟာ(၂)နယ်မြေ အမှတ်(၁၄) တပ်ရင်းဒေသရှိ နမ်ဗျူ၊နမ်ခမ် စစ်ကောင်စီတပ်စခန်း ခလရ (၂၆၀၊၂၉၇) တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က မေလ ၁၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၆ရက်အကြာ မေလ ၁၆နက်တွင် သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တပ်စခန်း၌ စစ်ကောင်စီတပ် အင်အား ၆၀ခန့်ရှိကြောင်း ဖော်ပြထားပြီး စခန်းသိမ်း တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေများကို ဖော်ပြထားခြင်းမရှိပေ။ KIA အနေဖြင့် စစ်ရေးသတင်းများ အသိပေးရာ၌ ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေများ ဖော်ပြလေ့မရှိပေ။
သိမ်းပိုက်လိုက်သည့် နမ်ဗျူ၊ နမ်ခမ် စစ်ကောင်စီတပ်စခန်းသည် လွန်ခဲ့သည့် ၂၀၁၈ခုနှစ်က တပ်စခန်းချနေသည့် စခန်းဖြစ်သည်ဟုလည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
စစ်ကောင်စီတပ်ကဘက်ကလည်း KIA သိမ်းပိုက်ခဲ့သည့် အဆိုပါနေရာကို တိုက်လေယာဉ်ဖြင့် ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ KIAဘက်က နယ်မြေရှင်းလင်းမှု လုပ်ဆောင်နေကြောင်း အသိပေးသည်။
KIAသည် ဝိုင်းမော်၊ မံစီ၊ မိုးမောက်၊ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ လိုင်ဇာအနီး ဒေသရှိ စစ်ကောင်စီတပ်စခန်းအများအပြားကိုသိမ်းပိုက်ခဲ့သည့် အပြင် တနိုင်းရှိ စစ်ကောင်စီတပ်စခန်း ၃ခုထက်မနည်းကိုလည်း ဧပြီလနှင့် မေလအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။