အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၄ဦးကို ရက်ပေါင်း ၃ လ ကြာတိုက်ပိတ်ပြီးနောက် ခြေကျင်းဒေါက်ခတ်ကာ အလုပ်ကြမ်းတွေကို စစ်ကောင်စီထောင်ဝန်ထမ်းတွေက ခိုင်းစေလျက် ရှိတယ်လို့ ဒီနေ့မတ်လ ၁၆ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် PPNM က ထုတ်ပြန်ကြေညာချက်ပါတယ်။
အဲလို ခြေကျင်းနဲ့ဒေါက်ခတ်ခံရတဲ့သူ ၂၄ ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က တရားမဝင် ကိုင်ဆောင်တယ် လို့အကြောင်းပြချက်နဲ့ ထောင်ဝန်ထမ်းတွေက မျက်နှာကို ခေါင်းစွပ်စွပ်၊ လက်ထိပ်ကိုနောက်ပြန်ခတ်၊ ခြေကျင်းနဲ့ဒေါက်ခတ်ပြီး ၃ လကြာ တိုက်ပိတ်ခံခဲ့ရတာလို့ သိရပါတယ်။
ယင်း နိုင်ငံရေးအကျဉ်းသားတွေဟာ အသက် ၂၀ ကနေ ၆၀ နှစ်အတွင်းရှိပြီး မတရားပုဒ်မ ၅၄(က)၊ ၁၉(စ) အမိန့်ချခံထားရတဲ့ ဦးထင်ကျော်၊ ကိုဇော်နိုင်ထွန်း၊ ကိုမျိုးမင်းဦး၊ ကိုဗလကြီး၊ ကိုရဲမင်းထွေး၊ ကိုချမ်းမြေ့ကိုကို၊ ကိုလှဦးမောင်၊ ကိုဝေမင်းအောင်၊ ကိုကျော်သက်တို့အပါအဝင် ၂၄ ဦးဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန် ရက်ပေါင်း ၁၃၀ ကျော်အထိ ၎င်းတို့ ၂၄ ဦးကို သံခြေကျင်း၊ ဒေါက်တွေနဲ့ အလုပ်ကြမ်းတွေခိုင်းစေခံနေရတာဟာ အကျဉ်းထောင် လက်စွဲဥပဒေ ပုဒ်မ ၅၇ အရ ဘယ်အကျဉ်းသားကိုမဆို ရက်ပေါင်း ၉၀ ထက်ကျော်လွန်ပြီး ခြေကျင်းခတ်ခြင်းမပြုလုပ်ရဆိုတာရှိ
ပေမယ့် စစ်တပ်အာဏာသိမ်းပြီးကတဲက ထောင်ဝန်ထမ်းတွေဟာ အကျဉ်းထောင်လက်စွဲဥပဒေတွေကို လိုက်နာခြင်းမရှိတော့ဘူူးလို့ PPNM က ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းသက်က မဲခေါင်ကို ပြောပါတယ်။
`အကျဥ်းထောင်လက်စွဲဥပဒေတွေကိုချိုးဖောက်တယ်၊ လူ့အခွင့်အရေးကြေညာစာတမ်းကနေ ထုတ်ပြန်ထားတဲ့ အခြေခံလူသားတိုင်းရရှိသင့်တဲ့ လူ့အခွင့်အရေးတွေလည်း အကျဉ်းထောင်ထဲမှာ ကျနော်တို့မြန်မာပြည်သူတွေဟာ လူသားတစ်ယောက်လိုဆက်ဆံမှုမခံရဘဲနဲ့ ကွန်တွေလို ခြေကျင်းတွေ ဒေါက်တွေနဲ့ အလုပ်ကြမ်းခိုင်းစေခံနေရတာကို ပြည်သူတွ သိစေချင်ပါတယ်`လို့ ပြောပါတယ်။
အလားတူ ကလေးအကျဉ်းထောင်မှာ ရက်ပေါင်း ၆၀၀ ကျော် ၂နှစ်နီးပါး တိုက်ပိတ်ဒေါက်ခတ် ခဲ့တဲ့ဖြစ်ရပ်ရှိခဲ့ပြီး ပြည်သူတွေသိရှိသွားပြီးတဲ့နောက်မှာ သူတို့ကို ခြေကျင်းတွေ၊ ဒေါက်တွေဖြုတ်ပေးခဲ့ပြီး အဆောင်တွေမှာ ပြန်ထားပေးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ဘူးတယ်လို့ သူက ဖြည့်စွက်ပြောကြားပါတယ်။