အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၅၅၀ကျော်တွင်နိုင်ငံရေးအကျဉ်းသားနှင့် မူးယစ်ဆေးဝါးအမှု အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။ မေလ ၉ ရက်နေ့က အင်းစိန်ထောင်ရှိ အကျဉ်းသား ၃၃၀နှင့် အကျဉ်းသူ၂၃၅ဦးတို့ကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
“မနေ့က ရွှေ့တာပါ။နိုင်ငံရေးအကျဉ်းသားက ဘယ်နှစ်ဦး၊မူးယစ်မှုက ဘယ်နှစ်ဦးလို့ အတိအကျမသိရဘူး။သတင်းအမှောင်ချထားတဲ့အတွက် စုံစမ်းရခက်ပါတယ်။မူးယစ်မှုနဲ့ရွှေ့ခံရသူတွေကလည်း အကောင်ကြီးသမား၊လက်ကြီးသမားတွေမပါဘူး။မူးယစ်ဆေးဝါးအနည်းငယ်နဲ့ ဖမ်းဆီးခံရပြီး သူတို့ပိုက်ဆံမရတဲ့သူတွေကိုပဲထုတ်တာ။ပိုက်ဆံရတဲ့သူတွေကျ အင်းစိန်ထောင်ထဲက ဆေးရုံဆောင်မှာပဲကောင်းကောင်းထားတာပေါ့”ဟု ဦးထွန်းကြည်ကပြောသည်။
ယခုလို နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည့်လုပ်ရပ်သည် နိုင်ကျဉ်းများကိုသာမက ၎င်းတို့၏ မိသားစုဝင်များ အခက်အခဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။
” သူတို့(စစ်ကောင်စီ)က မတရားပြန်ပေးဆွဲဖမ်းထားတဲ့ နိုင်ကျဉ်းတွေကို ခြင်းထဲက ကြက်ကလေးတစ်ကောင်လို ရွှေ့လိုက်ပြောင်းလိုက်လုပ်နေကြတာ။ရည်ရွယ်ချက်ရှိရှိနဲ့ အငြိုးထားပြီးပို့တာပေါ့”ဟု ဦးထွန်းကြည်က ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အနေဖြင့် သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ကျဉ်းများ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးအပေါ် အလွန်အမင်းစိုးရိမ်ပူပန်လျက်ရှိကြောင်း ဦးထွန်းကြည်က ပြောသည်။
“အင်းစိန်ထောင်မှာက ထောင်ပိုင်လေးဦးဆောင်တဲ့ ဆူပူလှုပ်ရှားမှုထိန်းသိမ်းကာကွယ်ရေး၊နှိမ်နင်းရေးအဖွဲ့ဆိုတာရှိတယ်။အဲ့အဖွဲ့က သူတို့မွေးထားတဲ့ အကျဥ်းသား အရာရှိ(တန်းစီး/စည်းကမ်းထိန်းနဲ့အခန်းလူကြီးတွေကို သတင်းပေးအဖြစ် တာဝန်ပေးထားသူ) ကို နိုင်ကျဉ်းတွေဘာပြောလဲ၊ဘာလုပ်နေလဲဆိုတာ သတင်းတွေစုတယ်။အကျဉ်းသားအခွင့်အရေးတောင်းဆိုတဲ့ နိုင်ကျဉ်းသားတွေကို ပစ်မှတ်ထားပြီး ထောင်ရွှေ့တာပေါ့။တခုခုဖြစ်ခဲ့ရင် အကြမ်းဖက် စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊တာဝန်ခံမှု ပြုကိုပြုရမယ်”ဟု ဦးထွန်းကြည်က ပြောသည်။
ထောင်ပြောင်းခံရသောနိုင်ငံရေးအကျဉ်းသားများ ထောင်အသစ်သို့ရောက်ရှိချိန်၌ ထောင်အာဏာပိုင်တို့၏ ညွှန်ကြားချက်အရ အကျဥ်းသား အရာရှိ(တန်းစီး/စည်းကမ်းထိန်းနဲ့အခန်းလူကြီးတွေကို သတင်းပေးအဖြစ် တာဝန်ပေးထားသူ) တို့က ရိုက်နှက်ခြင်းမျိုး ရှိတတ်ကြောင်း သိရသည်။