ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်နှင့် မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမကြီး စစ်ဆေးရေးဂိတ်အနီးတွင် ဗုံးများပေါက်ကွဲကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၃၃ မိနစ်အချိန် အင်းစိန်မြို့နယ်၊ ရွာမ ရပ်ကွက် အနီးတွင် အင်အားပြင်းသော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အင်းစိန် မြို့နယ်မှ ပြည်သူများ ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
“အိမ်မှာ ဖုန်းပြောနေတုန်း အုန်း ဆိုတဲ့ အသံအကျယ်ကြီးပဲ။ ဗုံးပေါက်တာ။ ဘယ်ကို ဖောက်လဲတော့မသိဘူး။ အသံက အရမ်းကိုကျယ်တာ။ နောက်တော့ စစ်ခွေးကားတွေ လမ်းပေါ်မှာ သွားလာ ကင်းလှည့်နေတာတွေ့တယ်။ နေရာအတိအကျနဲ့ ထိခိုက်ဒဏ်ရာရရှိမှုကိုတော့မ သိပါဘူး။ အင်းစိန် ထောင်နားကဆိုရင် ကောင်းကောင်းကြားရတယ် ဗုံးကွဲသံကို” ဟု ဒေသပြည်သူ တစ်ဦးက ဆိုသည်။
အလားတူ ရန်ကုန်တိုင်းမှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမ၊ စစ်ဆေးရေးဂိတ် အနီး တွင်လည်း ယနေ့ ည ၈ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှု ပြင်းထန်စွာ ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောသည်။
“စစ်တပ်က လုံခြုံရေးဂိတ်ချထားတာ ရှိတယ်။ အမှတ် ၄ လမ်းမနားမှာ ။ အဲဒီဂိတ်နား ပေါက်တယ်ထင်တာပဲ။ ပစ်ခတ်သံလည်းကြားရတယ်။ ဗုံးပေါက်သံလည်းကြားရတယ်။ ဗုံးကွဲသံမကြားရတာတောင် တော်တော်ကြာနေပြီ” ဟု မှော်ဘီမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင် အကြမ်းဖက် မင်းအောင်လှိုင်၊ အကြမ်းဖက် စိုးဝင်း တို့ လာ ရောက် နေချိန် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံ ရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။