ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်နှင့် မီးသတ်အနီးရှိ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် အင်းစိန်မြို့နယ်၊ အင်း စိန်ထောင်နှင့် အင်းစိန်မီးသတ်အနီးတွင် ရှိနေသည့် စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ပရိုဘောက် Taxi တစ်စီး ပျက်စီးသွားကြောင်း ၊ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“ဗုံးပေါက်တယ်။ စျေးကုန်း အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ပေါက် ကွဲမှုဖြစ်တာ။ ကားတစ်စီးပျက်စီးတယ်။ လူထိခိုက်မှု မရှိပါဘူး။ အခုတော့ ရဲကားတွေ ရောက်နေပြီးတော့ စစ်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အင်းစိန်မြိုနယ် စျေးကုန်းအနောက်ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြ Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD အဖွဲ့တို့ ပူးပေါင်း၍ အဝေးထိန်းစနစ် အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။