စစ်ကိုင်းတိုင်း ၊အင်းတော်မြို့နယ် ၊မော်တိတ်ဒေသတွင်ယနေ့မနက်မှစ၍တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနိုင်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော် တစ်ဦးက ပြောသည်။
ဗန်းမောက်နှင့် အင်းတော်ကြား အင်းတော်မြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် မေ ၂၅ ရက်မနက် ၅နာရီခွဲခန့်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
“အင်းတော်မှာတော့ဟုတ်တယ်။ဒီနေ့မနက်၅နာရီခွဲလောက်တိုက်ပွဲတွေ ဖြစ်တာပေါ့။ ဖြစ်တော့ စစ်ကောင်စီဘက်က ၁၂နာရီလောက်မှာ လေယာဉ်နဲ့ ကြဲသွားတာ။ ဖြစ်တာက အင်းတော် အနောက်ဘက် မော်တိတ်ဒေသ ကျွန်းတောရွာအနီးမှာ ဖြစ်တာ။ ခွေးတွေဘက်ကအထိအခိုက်တော့မပြောတက်ဘူး။ ကိုယ့်ဘက်ကတော့ မထိခိုက်ဘူး။ သူတို့ဘက်က အထိအခိုက်အကျအဆုံးတော့များမယ်။အဲဒါကြောင့်လေကြောင်းကလာတာ။” ဟု အင်းတော် PDF ရဲဘော်က ပြောသည်။
စစ်ကောင်စီတပ်ဘက်က ယနေ့မနက်ပိုင်း၌ တစ်ကြိမ် မွန်းလွဲပိုင်းတွင်တစ်ကြိမ် လေကြောင်းမှ ပစ်ကူပေးတိုက်
ခိုက်ခဲ့သည်ဟု ဒေသတွင်းစစ်ရေးသတင်းများဖော်ပြနေသည့် Indaw Revolutionကလည်းရေးသားထားသည်။
စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်သည့် ဒေသရှိ ပြည်သူများမှာ ယခင်ကတည်းက တိမ်းရှောင်နေကြသည်ဟု အင်းတော် PDFတစ်ဦးကပြောသည်။
အင်းတော်၌ တိုက်ပွဲဖြစ်နေသည့်စစ်ကောင်စီတပ်သည် ဗန်းမောက်မြို့နယ်၌ ဖြစ်ပွားသည့် တိုက်ပွဲသို့ စစ်ကူသွားရောက်မည့်တပ်ဟု ယူဆရကြောင်း အင်းတော် PDF ရဲဘော်နှင့် ဗန်းမောက်နယ် ခံတစ်ဦးက သုံးသပ်ပြောကြားသည်။
ဗန်းမောက်မြို့နယ် ကြောင်လည်ရွာတွင်လည်းမေလ ၂၀ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အရာရှိ အပါအဝင် သေဆုံးထိခိုက်သူ ၂၀ ခန့်ရှိသည်ဟု ဗန်းမောက်ဒေသခံက ပြောသည်။
ဗန်းမောက်တွင်(၅)ရက်ကြာမြင့်သည့် တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။
“တိုက်ပွဲဖြစ်တဲ့အတွက်ကျေးရွာတွေကတိမ်းရှောင်နေတယ်။ တိမ်းရှောင်နေရတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေ ရှိနေတယ်ဗျ။ စစ်ရှောင်တွေအတွက်ပေါ့။ တိုက်ပွဲတွေလည်းဆက်ဖြစ်နိုင်တဲ့ အလားအလာရှိပါတယ်” ဟု ဗန်းမောက်ဒေသခံက People’s Spring သို့ပြောသည်။