ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များကို ရိက္ခာထောက်ပံ့သည်ဟုဆိုကာ စစ်ကိုင်းတိုင်း အင်းတော်မြို့၊ စစ်ခုံရုံးတွင် အမျိုးသားနှစ်ဦးကို ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။
ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူများမှာ အင်းတော်မြို့၊ ကမ်းနီကျေးရွာမှ ဦးအောင်ဇော်ဦး (ခ) ဇော်ဦး နှင့် ဦးတင်မြင့် (ခ) အခြောက် ဆိုသူတို့ဖြစ်ကြောင်းသိရပြီး လွန်ခဲ့သည့် ဇွန်လက ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း Indaw Revolution (IR) ၏ တာဝန်ခံက ပြောသည်။
“ဖမ်းခံရတဲ့လူတွေကများတော့ ဒီဘက်မှာလည်း ရောထွေးနေကြတာ၊ ဖမ်းခံရတာလည်းကြာပြီ ခြောက်လပိုင်းက ဖမ်းခံရတာ။ မြို့ထဲမှာ ဖမ်းခံရတဲ့သူတွေက ခပ်စိပ်စိပ်ဖြစ်နေတော့”ဟု ပြောသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ဖြစ်သည့် Fifty Two News က ၎င်းတို့နှစ်ဦးကို ဩဂုတ်လ ၁၅ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (ဂ) များဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဖော်ပြထားသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ – ဂ ဆိုသည်မှာ “မည်သူမဆို နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းဆောင်ရွက်နေသည့် တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေး အဖွဲ့များ၏ ဆောင်ရွက်မှု အောင်မြင်ရေးကို နှောင့်နှေးစေရန် သော်လည်းကောင်း၊ ပျက်ပြားစေရန်သော်လည်းကောင်း ကြံရွယ်လျှင် သို့မဟုတ် နှောင့်နှေးစေလျှင် သို့မဟုတ် ပျက်ပြားစေလျှင် ထိုသူကို ငွေဒဏ်နှင့်တကွ နှစ် နှစ်ဆယ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ ထောင်ဒဏ်ဆယ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်။”ဟု ပြဌာန်းထားသည့် ဥပဒေ ပုဒ်မဖြစ်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၏ ပြစ်ဒဏ်မှာ “ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူ ကိုအနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်မှ အများဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်”ဟု ပါရှိသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် စစ်ကောင်စီတပ်များ စစ်ဆေးရေးတင်းကြပ်စွာ လုပ်ဆောင်နေပြီး ယခု ဩဂုတ်လ နှစ်ပတ်အတွင်းမှာပင် အရပ်သားပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။