စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အဝင်ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဓာတ်ပုံနဲ့တိုက်စစ်ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာ အင်အား ၁၅ ယောက်နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက အင်းတော်မြို့ထဲက လဝက၊ အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးစစ်ဆေးကာ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ အင်းတော်မြို့ခံတဦးက ပြောပါတယ်။
“ဒီမနက် အဖမ်းခံရတာ အမျိုးသမီး ၂ ဦးရှိပြီလို့ကြားတယ်။ နောက်ဆက်တွဲကိုတော့ စုံစမ်းနေတုန်းပါ။ စကစတွေက အိမ်ထောင်စုစာရင်းတွေယူပြီး အဲဒီအိမ်ထောင်စုစာရင်းထဲက ပျောက်နေတဲ့ရွာသားတွေကို အဓိကဖမ်းနေတာ။ ကားတွေ၊ ဆိုင်ကယ်တွေဆီကလည်း ပိုက်ဆံတွေ ကောက်တယ်။ တစီးကို ၅ ထောင်ကနေ ၃ ထောင်အထိ ကောက်ခံတာတွေလုပ်နေတယ်။ အခုချိန်ထိလည်း စစ်ဆေးနေတုန်း” လို့ မြို့ခံက ဆိုပါတယ်။
အင်းတော်မြို့အဝင်အထွက် ဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကင်းပုန်းတွေဝပ်ပြီးနေကြသလို ဂိတ်တွေချပြီး ကား၊ ဆိုင်ကယ်တွေဆီကနေ ငွေကြေးကောက်ခံနေတာဟာ ၂ နှစ်နီးပါးရှိပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီခဲ့တဲ့မတ်လ ၂၄ ရက်နေ့ကလည်း မံဟဲရွာသား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁ လအကြာမှာတော့ အဲဒီလူငယ် ၅ ဦးရဲ့ ရုပ်အလောင်းကို မော်လူးမြို့တောင်ဘက် ၄ မိုင်အကွာရှိတဲ့ တောထဲမှာတွေ့ရှိခဲ့တယ်လို့ Indaw Revolution – IR ကထုတ်ပြန်ထားပါသေးတယ်။
အလားတူ အင်းတော်မြို့အနောက်ဘက် ၈ မိုင်အကွာမှာရှိတဲ့ အောင်းကုန်း−နန့်သာ−အင်ပင်ရွာတွေဘက်မှာ စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၂၀ ရက်နေ့ကစပြီး ယနေ့အထိ တပ်စွဲထားတဲ့အတွက် ကျေးရွာ ၃ ရွာက ဒေသခံပြည်သူ ၆၀၀၀ နီးပါး စစ်ရှောင်နေရသလို စိုက်ပျိုးထားတဲ့ပဲတွေ ကောက်ချိန်ရောက်ပြီ ဖြစ်ပေမဲ့လည်း မကောက်ရဘဲရှိနေသေးတယ်လို့ သိရပါတယ်။