ရှမ်းပြည်တောင်ပိုင်းအခြေစိုက် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF)က ရိက္ခာလိုအပ်ချက်အတွက် ဆန်အိတ် ၆၀ အကူအညီလိုအပ်နေတယ်လို့ တပ်ရင်း တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း တပ်ရင်းမှာ တပ်ဖွဲ့ဝင်သစ်တွေ တိုးလာတဲ့အတွက် တစ်ရက်ပျမ်းမျှ ဆန် ၂ အိတ်ကုန်ကျနေပြီး ရေရှည်မှာ ရိက္ခာလိုအပ်ချက်ရှိနိုင်တဲ့အတွက် အခုလို ရက် ၆၀ Challenge ပြုလုပ်ရတာလို့ ဆိုပါတယ်။
ဒီနေ့ ဇွန် ၂၅ ရက်နေ့ကစတဲ့ Challenge ကာလဟာ ဩဂုတ် ၂၄ မှာ ပြီးဆုံးမှာဖြစ်ပြီး ဆန်တစ်အိတ်ကို ၉ သောင်းကျပ် ကျသင့်မယ်လို့ Challenge တာဝန်ရှိသူတွေဆီက သိရပါတယ်။
“ကျမတို့လစဥ် စဥ်းစားဖို့ခက်ခဲလာလို့ အရင်လဆို မနက်ဖြန် ဘာနဲ့ချက်ရမလဲ အဲ့လောက်ထိကို ဖြစ်သွားတာ။ လစဥ်အနေနဲ့ ချဲလန့်လုပ်မှ ရမယ်ဆိုပြီး လုပ်ဖြစ်တာပေါ့နော်။ လုပ်ချင်တာတော့ ကြာပါပြီ။ ကျမတို့ရဲဘော် ၂ ယောက် ကျသွားတော့ ကျည်ကာလည်း အရေးကြီးတာနဲ့ ကျည်ကာကမ်ပိန်း အရင်လုပ်ဖြစ်သွားတာ။ ဒါကြောင့် ဆန်ကို နောက်မှ လုပ်ရတာပါ” လို့ IPDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကမ်ပိန်းပါဝင်လိုသူအနေနဲ့ အင်းလေးတို့အပြန် Page ကို ဆက်သွယ်လှူဒါန်းနိုင်ပြီး မိမိတို့ရောက်ရှိရာ နိုင်ငံအလိုက် နိုင်ငံခြားငွေတွေနဲ့လည်း ပါဝင်နိုင်တဲ့အပြင် ဆန်တစ်အိတ်စာတန်ဖိုး မတတ်နိုင်တဲ့ သူတွေကလည်း အဆင်ပြေတဲ့ ပမာဏအလိုက် ပါဝင်နိုင်တယ်လို့ Challenge တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဒါ့အပြင် ဆန်သီးသန့် လှူချင်သူတွေကိုလည်း လက်ခံပေးနေပြီး IPDF ကနေတစ်ဆင့် ဆန်ကို ရောင်းခိုင်းပြီး အဲ့ဒီငွေနဲ့ ပါဝင်ချင်သူတွေကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
“လောလောဆယ် ဆန်ကို တခြားတပ်ရင်းဆီက အရင်ချေးထားတယ်။ ပြီးတော့ စပါးသွားဝယ်တယ်။ အဲ့ဒါလည်း တစ်ဝက်ပဲ ပေးနိုင်ပြီး တစ်ဝက်ကို အကြွေးနဲ့ ဝယ်လာရတယ်။ ဒီလိုအခက်အခဲတွေလည်း ရှိပါတယ်” လို့ IPDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ IPDF တပ်ရင်းဟာ တစ်လကို သိန်း ၁၀၀ ခန့် ထောက်ပံ့မှုရရှိနေပေမယ့် ရိက္ခာဖိုးအတွက်တောင်မှ လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။
IPDF တပ်ရင်းဟာ ဧပြီ ၂၅ ရက်နေ့ကနေ ဇွန်လ ၁၅ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ကျည်ကာဦးထုပ်ကမ်ပိန်း မှာလည်း ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်ကာ ၁၁၃ ရာခိုင်နှုန်းအထိ အောင်မြင်မှု ရရှိခဲ့တယ်လို့ တပ်ရင်းထုတ်ပြန်ချက်အရ သိရပါတယ်။